ကွတ်ခိုင် ပန်လော့ရွာက လီဆူ ဒုက္ခသည် ၁၂ ဦးကို MNDAA ဝင်ဖမ်း၊ လေးဦး ပြန်မလွှတ်သေး

2022.05.17
ကွတ်ခိုင် ပန်လော့ရွာက လီဆူ ဒုက္ခသည် ၁၂ ဦးကို MNDAA ဝင်ဖမ်း၊ လေးဦး ပြန်မလွှတ်သေး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာရှိ စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးအုပ်စု၊ ပန်လော့ရွာမှာရှိတဲ့ လီဆူ ဒုက္ခသည်စခန်းက အမျိုးသား ၁၂ ဦးကို မေလ ၁၅ ရက်နေ့ ည ၉ နာရီမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဝင်ဖမ်းသွားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူအချို့က RFA ကို ပြောပါတယ်။

သင်တန်းတက်ရမယ်ဆိုပြီး ဒုက္ခသည်စခန်းထဲ ဝင်ဖမ်းသွားတာလို့ ပန်လော့ရွာသားတစ်ဦး က ပြောပါတယ်။

“စခန်းထဲဝင်လာပြီး အမျိုးသားတွေကိုစုခိုင်းပြီးတော့ ခေါ်သွားတာ။ သုံးလ သင်တန်း တက်ရမယ်ပြောတယ်။ ကြောက်လို့ လိုက်သွားကြရတာ။ တချို့ဆို မိသားစုကို လုပ် ကျွေးနေသူတွေ”

အဖမ်းခံရသူ ၁၂ ဦးထဲက ခုနစ်ဦးကို အဲဒီနေ့ည ၁၁ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

မေလ ၁၆ ရက်နေ့မှာလည်း လက်မှာ ဒဏ်ရာရထားသူ အမျိုးသားတစ်ဦးကို သူ့ရဲ့သား ဖြစ်သူနဲ့ အစားထိုးပေးရမယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြန်လွတ်လာသူနဲ့ ဆွေမျိုးနီးစပ်သူက ပြောပါတယ်။

“မနေ့ကလွတ်လာတဲ့ တစ်ယောက်က လက်ကျိုးထားတာ။ သူ့သားက ခရီးသွားနေတာ။ သုံးလေးရက်အတွင်း သူ့သားကို ရအောင်ခေါ်ရမယ်၊ မဟုတ်ရင်တော့ သူ့ကိုထပ်လာ ဖမ်းမယ်လို့ပြောပြီး လွှတ်ပေးလိုက်တာ။ သူလည်း ကြောက်နေတယ်”

ပန်လော့ဒုက္ခသည်စခန်းက အသက် ၁၉ နှစ်အရွယ် မောင်ဝှာချောင်းပေါင်၊ အသက်၂၁ နှစ်အရွယ် မောင်မြင်ကွေး၊ အသက် ၂၆ နှစ်အရွယ် မောင်ဝင်းဦး၊ အသက် ၃၁ နှစ်အရွယ် ကိုသားငယ်တို့လေးဦးကိုတော့ ဆက်လက် ဖမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး MNDAA ပြန်ကြားရေး တာဝန်ခံကို RFA က ဒီနေ့ နေ့လယ်ပိုင်း ဆက်သွယ်မေးမြန်းရာမှာ လတ်တလော အောက်ခြေက အခြေအနေကို မသိရသေးတာကြောင့် စုံစမ်းပြီးမှ ပြန်လည်ဖြေကြားပေး မယ်လို့သာ တုံ့ပြန်ပါတယ်။

ပန်လော့ဒုက္ခသည်စခန်းမှာ လူဦးရေ ၂၃၀ ရှိပြီး သူတို့ဟာ ၂၀၁၅ ခုနှစ်အတွင်း စစ်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ရဲ့ တိုက်ပွဲတွေကြောင့် မိုင်းယုလေး အုပ်စုထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကွတ်ခိုင်မြို့ ငေါ့ငါးရွာက လီဆူတိုင်းရင်းသားတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။