ကချင်ပြည်နယ်စစ်ပွဲမှာ ဓါတုလက်နက်တွေ သုံးစွဲနေတာမဟုတ်ကြောင်း အစိုးရငြင်းဆို
2013.01.11
ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က တပ်မတော်ဟာ ဘယ်တုန်းကမှ ဓါတုဗေဒ လက်နက်မသုံးခဲ့ပါဘူး၊ သုံးစွဲဖို့ရည်ရွယ်ချက်လည်း လုံးဝမရှိပါဘူး၊ KIA က မှားယွင်းစွပ်စွဲနေတာထင်ပါတယ် လို့တုံ့ပြန်ဖြေရှင်းခဲ့ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေက တရုတ်နယ်စပ် လိုင်ဇာမြို့ဆီ ဦးတည်ပြီး ထိုးစစ်ဆင်နေရာမှာ သုံးရက်ဆက်တိုက် ဓါတုဗေဒလက်နက်တွေသုံးစွဲပြီး၊ အရေးကြီးတဲ့ နေရာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် James Lum Dau က AFP ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
အဲဒီလက်နက်တွေ ကျရောက်ပေါက်ကွဲတဲ့အခါ အပူချိန်လွန်ကဲပြီး KIA တပ်သားတွေ မူးမေ့ကုန်ကြကြောင်း၊ ကျရောက်ရာဝန်းကျင်မှာ ရှိနေသူအားလုံးခံစားကြရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဓါတုလက်နက်ဆိုတာနဲ့ ပတ်သက်ပြီး AFP အနေနဲ့ အတည်ပြုနိုင်စွမ်းမရှိသေးဘူးလို့ သတင်းမှာဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း အစိုးရတပ်တွေက ဓါတုလက်နက်သုံးစွဲနေကြောင်း KIA က ပြောဆိုခဲ့ဖူးပါတယ်။ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ အရှိန်မြင့်လာနေတာကြောင့် အစိုးရသစ်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ထိခိုက်သွားနိုင်တဲ့အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂအပါအဝင် လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။
အစိုးရကတော့ တပ်မတော်အနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်နေရတာဖြစ်ကြောင်း ပြောဆိုနေပါတယ်။ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကလည်း အလားတူပြောဆိုလိုက်ပြီး၊ မိမိတို့ဟာ ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားပါတယ်လို့ ပြောကြားခဲ့ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။