MJN ရုံးခန်းကို ဆက်မငှားတော့ကြောင်း အခန်းပိုင်ရှင်ပြော
2018.02.26

ဦးဝီရသူကို အစိုးရအနေနဲ့ အရေးယူပေးဖို့ သံဃာတော်တွေ နှိုးဆော်ခြင်းဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို မြန်မာ ဂျာနယ်လစ်ကွန်ရက် MJN ရုံးခန်းမှာ မနေ့က ကျင်းပဖို့ စီစဉ်ထားပြီးနောက် သတင်းစာရှင်းလင်းပွဲ ပျက်သွားပေမယ့် MJN ရုံးခန်းကို ဆက်လက်ငှားရမ်းခြင်း မပြုတော့ကြောင်းနဲ့ ဖယ်ရှားပေးဖို့ အိမ်ရှင်က တောင်းဆိုလာတယ်လို့ MJN ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းထက်စံ က ဒီနေ့ ပြောပါတယ်။
မနေ့က လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ လူစုလူဝေးဖြစ်သွားတာကြောင့် အိမ်ရှင်က ဖယ်ရှားခိုင်းတာဖြစ်တယ်လို့ ကိုကောင်းထက်စံ က ပြောပါတယ်။
"သူတို့ကပဲ ဆက်သွယ်လာတာပါ။ မနေ့က ဖြစ်ဖြစ်ချင်း သူတို့က ဆက်သွယ်လာတာ။ အဓိကကတော့ မနေ့က ကိစ္စကြောင့်ပေါ့။ သူတို့ကတော့ လမ်းထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာကို သဘောမကျတဲ့ပုံ၊ ပြီးတော့ သူတို့ အခန်းကိုလည်း စိတ်ပူတာပေါ့နော်။ တစ်ခုခုဖြစ်သွားမှာပေါ့နော်။ ပထမတော့ ပွဲတွေမလုပ်ဖို့ တားမြစ်တာပေါ့ နော်။ အခုလက်ရှိကတော့ ဖယ်ပေးရမယ့်ပုံစံ အဲလိုမျိုးဖြစ်နေပါတယ်။ ကျနော်တို့က ဒီဟာက ၁ နှစ်စာချုပ် ချုပ်ထားတာလေ။ တကယ်လို့ ပိုက်ဆံပြန်အမ်းရမယ်ဆိုရင် ပြန်အမ်းမယ်ပေါ့နော်။ သူတို့ကတော့ ကျနော်တို့ကို ဆက်ရှိမနေစေချင်တဲ့ သဘောမျိုးပါ"
မနေ့က သတင်းစာရှင်းလင်းပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သံဃာအပါး ၂၀ လောက် ရောက်ရှိ လာပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ ပြောပါတယ်။
MJN ရုံးခန်းမှာ လက်ရှိလက်ခံထားတဲ့ ကာတွန်းပြပွဲကိုလည်း ရပ်ဆိုင်းခိုင်းပေမယ့် ပြန်လည်ညှိနှိုင်းပြီးနောက် ကျင်းပခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ နောက်ထပ် သတင်းစာရှင်းလင်းပွဲတွေကိုတော့ လက်ခံလို့မရသေးဘူးလို့လည်း ကိုကောင်းထက်စံ က ပြောပါတယ်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၄ လမ်း၊ အမှတ် ၁၈၂-၂၀၂ မှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ သတင်းထောက်တွေစုပေါင်းပြီး မြန်မာဂျာနယ်လစ်ရုံးခန်းဆိုပြီး ဖွင့်လှစ်ခဲ့တာ ၁ နှစ် ၂ လရှိပြီဖြစ်ပါတယ်။
အဲဒီရုံးခန်းမှာ တောင်သူလယ်သမား၊ အလုပ်သမား ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေအပါအဝင် ရှင်းလင်းပွဲ ပြုလုပ်လိုသူတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ခွင့်ပေးခဲ့တာ ပွဲပေါင်း ၄၆၀ ကျော်ရှိပြီလို့ သိရပါတယ်။
အဲဒီရုံးခန်းကို ဒီနှစ်ကုန်လောက်အထိ ငှားရမ်းထားတာဖြစ်ပါတယ်။ လက်ရှိမှာ MJN ကွန်ယက်ဝင်တွေနဲ့ အိမ်ရှင်တို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကိုကောင်းထက်စံက ပြောပါတယ်။