သတင်းလွတ်လပ်ခွင့်ပြန်ပေးဖို့ ဂျာနယ်လစ်ကွန်ရက်နဲ့ သတင်းစာ ဆရာအသင်း တောင်းဆို


2014.05.29

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် သတင်းမီဒီယာကို ထိန်းချုပ်တာ၊ သတင်းသမားတွေကို ထိန်းသိမ်းလိုက်တာတွေအပေါ် စိုးရိမ်ကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ရက် MJN နဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA တို့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာချက် အသီးသီးထုတ်ပြန်ခဲ့ကြပြီး၊ သတင်းလွတ်လပ်ခွင့် အမြန် ဆုံးပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘန်ကောက်မြို့မှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတာတွေ ဖြစ်ပွားခဲ့ပြီးခဲ့တဲ့နောက် သောကြာနေ့က ထိုင်း မဂ္ဂဇင်းတစ်စောင်ရဲ့ အယ်ဒီတာတစ်ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ တနင်္ဂနွေနေ့ ကလည်း နေးရှင်းသတင်းစာရဲ့ အကြီးတန်းသတင်းထောက်တစ်ဦး ထိန်းသိမ်းခံခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ အခုထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

မြန်မာသတင်းသမားတွေအနေနဲ့ အလားတူဖြစ်ရပ်မျိုးတွေ ကာလကြာရှည် ကြုံတွေ့ခဲ့ရဖူးတာကြောင့်၊ အခု ထိုင်းသတင်းသမားတွေ ထိန်းသိမ်းခံရတဲ့ကိစ္စဟာ ဝမ်းနည်းဖွယ်ရာဖြစ်တဲ့အပြင်၊ အထူးစိုးရိမ်ဖွယ်ကိစ္စ လည်း ဖြစ်တယ်ဆိုတာ ခံစားသိရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်က ပြောဆိုပြီး၊ ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ အာဆီယံဥက္ကဌ တာဝန်ဆောင်ရွက်နေတဲ့ မြန်မာအစိုးရအနေနဲ့ ထိုင်းသတင်းသမားတွေ လွတ်မြောက်ရေးအတွက် ကူညီပေးစေလိုကြောင်း ကြေညာချက်မှာဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA ) နဲ့ ထိုင်း သတင်းစာဆရာအသင်းတို့ဟာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။