လွှတ်တော်သုံးရပ်လုံး သတင်းယူခွင့် ကန့်သတ်မှု ပြန်သုံးသပ်ဖို့ MJN တောင်းဆို


2015.06.04
parliament-media-620.jpg လွှတ်တော်အတွင်းက မီဒီယာအခန်း သွားရာလမ်းကို မေလ ၂၈ ရက်နေ့က ပိတ်ထားစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော် အပါအဝင် လွှတ်တော်သုံးရပ်လုံးမှာ သတင်းသမားတွေ သတင်းရယူခွင့် တားဆီးကန့်သတ်လိုက်တာဟာ ပြည်သူတွေသတင်းမှန်သိခွင့်ကို ကန့်သတ်လိုက်တာဖြစ်တယ် လို့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သတင်းရယူခွင့် ကန့်သတ်လိုက်တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ စာပေးပို့ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှုမရှိတဲ့ အတွက် အခုလိုကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ MJN အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော် က ပြောပါတယ်။

"လွှတ်တော်ကိစ္စ သူတို့ ပြန်သုံးသပ်ပေးဖို့ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ကစာပို့တယ်၊ ကြိုးစားတယ်၊ ဒါပေမဲ့ အဲ့ဟာက မအောင်မြင်ခဲ့ဘူးပေါ့၊ မနေ့ကတော့ လွှတ်တော်နာယက က  ခွင့်မပြုတော့ဘူးလို့ ပြောလိုက် တယ်၊ နောက်တစ်ခုက ဟိုင်းကြီးကိစ္စကတော့ ကျနော်တို့ လေ့လာသိရှိရသလောက်က ဒီကိစ္စဟာ လူအများသိရှိသင့်တဲ့ကိစ္စပေါ့နော်၊ နိုင်ငံတကာကလည်း သိသင့်တဲ့ကိစ္စ၊ အဲ့ကိစ္စ သတင်းယူခွင့်မပေးတာက သတင်းရယူခြင်းကို ကန့်သတ်ခြင်း၊ ဒါကြောင့် ဒီနှစ်ခုစလုံးကိုတွဲပြီးတော့ သဘောထားကြေညာချက် ထုတ်လိုက်တာပါ"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း လိပ်ကျွန်းမှာ သတင်းသွားရောက်ယူခဲ့တဲ့ သတင်းသမား ၈ ဦးကို တားဆီးပြီး နောက်နောင် မသွားရောက်ပါလို့ ဝန်ခံလက်မှတ်ရေးထိုးစေခဲ့တာဟာ သတင်းရယူခွင့်ကို တားဆီးပိတ်ပင်လိုက်တာဖြစ်ပြီး တိုင်းပြည်ရဲ့ အဖြစ်အပျက်မှန်သိရှိခွင့်ကို ပိတ်ပင်လိုက်တယ်လို့ ရှုမြင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီအတွက် လွှတ်တော်နဲ့ မြန်မာနိုင်ငံအစိုးရအဖွဲ့အနေနဲ့ သတင်းသမားတွေ သတင်းရယူခွင့်အတွက် ဖြေရှင်းပေးဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

MJN အနေနဲ့ ကြေညာချက်ထုတ်ပြန်ပြီးနောက် တခြားသတင်းအဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာစာနယ်ဇင်းကောင်စီ MPC ၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA အဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်း သွားဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။