စစ်ပွဲဖြစ်ပွားရာဒေသတွေက သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံဖို့ IPCM တိုက်တွန်း

RFA Burmese
2024.04.26
စစ်ပွဲဖြစ်ပွားရာဒေသတွေက သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံဖို့ IPCM တိုက်တွန်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေကြသည့် သတင်းထောက်တချို့ကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။
RFA

စစ်ပွဲဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေတွေအပါအဝင် ဒေသအသီသီးက သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေး၊ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံဖို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဧပြီ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဧပြီလ ၁၆ ရက်နေ့ကထုတ်ပြန်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းနဲ့ပြန်ကြားရေးဆိုင်ရာ မူဝါဒ ထုတ်ပြန်ချက်တွေဟာ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေတဲ့အတွက် သတင်းမီယာသမားတွေအကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒီစိုးရိမ်ပူပန်ချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းက အဖွဲ့ဝင်တွေထံ IPCM က အလွတ်သဘော တင်ပြဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာတွေရဲ့ သဘောသဘာဝ၊ ကျင့်ဝတ်စံနှုန်းအပါအဝင် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍတွေကို ရှင်းလင်းတင်ပြဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ IPCM က စီစဉ်နေတယ်လို့လည်း ဆိုတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရည်မှန်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် စံနှုန်းတွေ တန်ဖိုးတွေကို လေးစားကျင့်သုံးဖို့လည်း IPCM က အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။