မဲခေါင် သတင်းအေဂျင်စီကို စစ်ကောင်စီ လိုင်စင်ပိတ်သိမ်း

RFA Burmese
2023.12.30
မဲခေါင် သတင်းအေဂျင်စီကို စစ်ကောင်စီ လိုင်စင်ပိတ်သိမ်း မဲခေါင် သတင်းအေဂျင်စီ၏ လူမှုကွန်ရက် စာမျက်နှာအား တွေ့ရစဉ်။
Mekong News

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဝတ်မှုတွေအကြောင်း ရေးသား ဖော်ပြနေတဲ့ Mekong News မဲခေါင်သတင်းအေဂျင်စီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်စပြီး လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ ကြေညာပါတယ်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာစေရေးတို့ကို ထိခိုက်ပျက်ပြားစေပြီး ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ )ပါ စည်းကမ်းချက်တွေ မလိုက်နာခဲ့တာကြောင့် ပိတ်သိမ်းတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ပြီးရှိနေဆဲ ဆိုတာ ပြသတာလို့ မဲခေါင်သတင်းဌာန တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက်က RFA ကို ပြောပါတယ်။

“လိုင်စင်ပိတ်သိမ်းလိုက်လို့ ကျွန်တော်တို့ သတင်းဌာနက သိပ်ပြီးထူးခြားမှုတော့ မရှိပါဘူး။ ဒါပေမဲ့ မြင်သာစေတာက စစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်း မီဒီယာတွေအပေါ် သဘောထားပြောင်းသွားတာ မရှိဘူး။ နည်းနည်းလေးတောင်မှပဲ တိုးတက်လာတာ မရှိဘူး။ သူတို့ရဲ့ ဖိနှိပ်မှုတွေက အရင်အတိုင်း ဆိုးဆိုးရွားရွား ဆက်လုပ်နေတယ်ဆိုတာ မြင်သာစေပါတယ်”

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက ရှမ်းပြည်နယ်ထဲမှာ စတင် တည်ထောင်ခဲ့ပြီး ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုအဖြစ် ရပ်တည်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မဲခေါင်သတင်းဌာနရဲ့ သတင်းရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖိအားပေးမှုတွေရှိလာတဲ့အပြင် အယ်ဒီတာချုပ် ကိုဉာဏ်လင်းထက်ကိုပါ အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ အတွင်းမှာပဲ မဲခေါင်သတင်းဌာနမှာ အလုပ်လုပ်ခဲ့တဲ့ သတင်းထောက် နှစ်ဦးဟာ ဆူပှုလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ၅၀၅-က နဲ့ထောင်သုံးနှစ် အလွတ်တန်း သတင်းထောက် တစ်ဦးကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင် ခြောက်နှစ်ချခံထားရပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ ဆက်ပြီးရပ်တည်ဖို့ ခက်ခဲလာတာကြောင့် မဲခေါင်သတင်းဌာနကို သီခြားလွတ်လပ်တဲ့ နေရာတစ်ခုမှာ ပြန်အခြေစိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ဆက်ပြီးရေးသား ထုတ်လွှင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ် အပါအဝင် သတင်းဌာန ၁၅ ခု၊ စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုတို့ လိုင်စင်ပိတ်သိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။