မဇ္ဈိမသတင်း အယ်ဒီတာ ကိုသန်းထိုက်အောင် ထောင်နှစ်နှစ် အမိန့်ချခံရ

2022.03.22
မဇ္ဈိမသတင်း အယ်ဒီတာ ကိုသန်းထိုက်အောင် ထောင်နှစ်နှစ် အမိန့်ချခံရ နေပြည်တော်အခြေစိုက် မဇ္စျိမသတင်းထောက် ကိုသန်းထိုက်အောင်ကို တွေ့ရစဉ်
Photo: CJ

မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော် အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက မတ်လ ၂၂ ရက် ဒီနေ့မှာ ထောင်ဒဏ် နှစ်နှစ် အမိန့်ချခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုသန်းထိုက်အောင်ဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် တစ်နှစ်ကျော် အကြာမှာ အခုလို အမိန့်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။

ဒီနေ့ တရားရုံးရဲ့ အမိန့်ချမှတ်တဲ့ စီရင်ချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အမှုနဲ့ ပတ်သက်လို့ ကိုသန်းထိုက်အောင်က သူ့မှာ အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။

ကိုသန်းထိုက်အောင်နဲ့ BBC သတင်းထောက် ကိုအောင်သူရတို့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက NLD ပါတီ ထိပ်ပိုင်းခေါင်း ဆောင် ဦးဝင်းထိန်ရဲ့ ရုံးချိန်းမှာ သတင်းသွားယူချိန် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။

BBC သတင်းထောက် ကိုအောင်သူရကိုတော့ ၂၀၂၁ မတ်လ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေး ခဲ့ပေမယ့်လည်း ကိုသန်းထိုက်အောင်ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ စွပ်စွဲတရားစွဲခံခဲ့ရပြီး အခုလို အမိန့်ချမှတ်ခဲ့ရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် မဇ္ဈိမသတင်းဌာန အပါအဝင် DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတွေကို ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်က ထုတ်ဝေခွင့်ပိတ် သိမ်းခဲ့သလို ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်ကလည်း ကချင်ပြည်နယ်က မြစ်ကြီးနားသတင်း ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်က စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်လာသူတွေထဲမှာ မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နဲ့ သတင်း မီဒီယာသမား ၁၈ ဦး ပါဝင်ခဲ့ပေမယ့် ကိုသန်းထိုက်အောင် ကတော့ မပါဝင်ခဲ့ပါဘူး။

RFA က သီးသန့် ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းထောက် ၅၈ ဦးနဲ့ သေဆုံးခဲ့ရသူ သုံးဦး ရှိပြီဖြစ်ပါတယ်။

ရန်ကုန် အင်းစိန်ထောင်ထဲမှာ တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်းကိုလည်း အင်းစိန်ထောင် အထူးတရားရုံးကနေ မတ်လ ၂၁ ရက်နေ့ မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။