မဇ္ဈိမ သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင် ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ခံရ

2022.03.09
မဇ္ဈိမ သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင် ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင်ခံရ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင် ကို တွေ့ရစဥ်
Photo: Mizzima
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော် အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ မတ်လ ၉ ရက် ဒီနေ့မှာ စွဲချက်တင်လိုက်ပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
အမှုနဲ့ ပတ်သက်လို့ ကိုသန်းထိုက်အောင်က သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ငြင်းဆိုခဲ့ပြီး လာမယ့် မတ်လ ၁၇ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
 
ကိုသန်းထိုက်အောင်နဲ့ BBC သတင်းထောက် ကိုအောင်သူရ တို့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက် က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန် ရဲ့ ရုံးချိန်းမှာ သတင်းသွားယူချိန် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။
 
BBC သတင်းထောက် ကိုအောင်သူရကိုတော့ ၂၀၂၁ မတ်လ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုသန်းထိုက်အောင်ကိုတော့ ဆက်လက်ဖမ်းဆီးထားပြီး လာမယ့် မတ်လ ၁၉ ရက်ဆိုရင် သူ ဖမ်းဆီးခံရတာ တစ်နှစ်ပြည့်မှာ ဖြစ်ပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီးနောက် မဇ္ဈိမသတင်းဌာနအပါအဝင် DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတွေကို ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်က ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သလို ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်ကလည်း ကချင်ပြည်နယ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်က စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ် လာသူတွေထဲမှာ မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နဲ့ သတင်း မီဒီယာသမား ၁၈ ဦး ပါဝင်ခဲ့ပေမယ့် ကိုသန်းထိုက်အောင် ကတော့ မပါဝင်ခဲ့ပါဘူး။
 
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းထောက် ၅၈ ဦးနဲ့ သေဆုံးခဲ့ရသူ သုံးဦး ရှိပြီဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။