မဇ္ဈိမသတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်အမှု လိုပြသက်သေ စစ်ဆေး
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော် အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင် အမှုအတွက် တရားလိုပြ သက်သေကို ဇန်နဝါရီလ ၁၃ ရက် ဒီကနေ့မှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းထိမ်းခံထားရတဲ့ ကိုသန်းထိုက်အောင်ကို ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရာအိမ်မှူးတစ်ဦးကို စစ်ဆေးခဲ့တာလို့ဆိုပါတယ်။
နောက်တစ်ပတ်ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး အဲဒီရုံးချိန်းမှာလည်း တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုသန်းထိုက်အောင်နဲ့ BBC သတင်းထောက် ကိုအောင်သူရတို့ကို မတ်လ ၁၉ ရက်နေ့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ရုံးချိန်းမှာ သတင်းသွားယူချိန် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။
BBC သတင်းထောက် ကိုအောင်သူရကိုတော့ မတ်လ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုသန်းထိုက် အောင်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုပြီး ဆက်လက်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
နေပြည်တော်မှာ အဖမ်းခံရတဲ့ အလွတ်သတင်းထောက် ကိုအောင်ကိုကိုလတ်ကိုလည်း ပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့ပေမယ့် အဖမ်းခံရပြီး တစ်လအကြာ ဧပြီလ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာကြောင့် လက်ရှိ နေပြည်တော်မှာ ကိုသန်းထိုက်အောင်တစ်ဦးသာ အချုပ်နဲ့ တရားရင်ဆိုင်နေရတာပါ။
အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်က အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်လာတဲ့ အထဲမှာ မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်နဲ့ သတင်းမီဒီယာသမား ၁၈ ဦး ပါဝင်ခဲ့ပေမယ့် ကိုသန်းထိုက်အောင်ကတော့ မပါဝင်ခဲ့ပါဘူး။
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲ သတင်းထောက် အယောက် ၄၀ ကျော်နဲ့ သေဆုံးသူ သုံးဦး ရှိပြီဖြစ်ပါတယ်။