သတင်းမီဒီယာတွေကို ဖိနှိပ်တာရပ်ဖို့ စစ်ကောင်စီကို IFJ တောင်းဆို
2023.07.18

စစ်ကောင်စီက သတင်းမီဒီယာတွေကို ဖိနှိပ်နေတာတွေရပ်ဖို့ အပြည်ပြည်ဆိုင်ရာ သတင်းထောက်များအဖွဲ့ချုပ် (IFJ) က ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ပိတ်ပင်ခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နဲ့ မဇ္ဈိမသတင်းဌာနတွေကို ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲမယ်လို့ ခြိမ်းခြောက်ထားတာကို ရှုတ်ချကြောင်းနဲ့ ဥပဒေကြောင်းအရ အရေးယူတာကို ဆိုင်းငံ့ထားဖို့ IFJ က ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ကြိုတင်သတိမပေးဘဲ DVB နှင့် မဇ္ဈိမ ရုပ်သံလိုင်းတွေကို ပိတ်တာဟာ နှစ်ဖက်သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်ပြီး ထပ်မံအရေးယူတာဟာ တရားမဝင်တဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း IFJ ရဲ့ တောင်းဆိုချက်မှာ ပြောထားပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြား (MRTV) မှာ ထည့်သွင်း ပြသခဲ့တဲ့ ဒီဗွီဘီ (DVB) နဲ့ မဇ္ဈိမ (Mizzima) ရုပ်သံလိုင်းတွေကို ကြွေးကျန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဖို့ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့က ပြောထားတာပါ။
ဒီဗွီဘီရုပ်သံလိုင်းက ချယ်နယ်လ်ထည့်သွင်းပြသခအဖြစ် တစ်လစာ သိန်းနှစ်ရာနဲ့ မဇ္ဈိမရုပ်သံလိုင်းက လေးလစာ သိန်းရှစ်ရာကျော်ပေးဖို့ ကြွေးကျန်ရှိနေတဲ့အတွက် တရားစွဲမှာလို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)နဲ့ မဇ္ဈိမသတင်းဌာနတွေအပြင် ဆဲဗင်းဒေး (7 Day)၊ မြန်မာနောင်း (Myanmar Now) နဲ့ ခေတ်သစ် (Khit Thit) မီဒီယာတွေကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်ကတည်းက လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားတာပါ။ အဲ့ဒီနောက်ပိုင်းလည်း မီဒီယာတွေကို လိုင်စင်ပိတ်သိမ်းတာတွေ ဆက်ရှိနေပြီး လက်ရှိအချိန်ထိ ပိတ်သိမ်းခံရတဲ့ မီဒီယာ ၁၃ ခုအထိရှိနေပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက် ၁၈၀ မှာ မြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်က ၁၇၆ မှာရှိနေတာတွေ့ရပါတယ်။