မင်းကင်းမြို့နယ်က စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ခန့် စားဝတ်နေရေးခက်ခဲနေ

RFA Burmese
2024.08.30
မင်းကင်းမြို့နယ်က စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ခန့် စားဝတ်နေရေးခက်ခဲနေ မင်းကင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့ကို ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။
မင်းကင်းနွေဦးတော်လှန်ရေး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ခန့်ဟာ စားဝတ်နေရေး အခက်အခဲကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက RFA ကို ပြောပါတယ်။

ကန်ရွာ၊ ကူလဲရွာ၊ ကျောက်ခဲရွာ၊ မြေနီရွာနဲ့ ဝရဲရွာ အပါအဝင် ရွာပေါင်းငါးရွာထက်မနည်းက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

စစ်ဘေးဒုက္ခသည်တွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဝင်ငွေမရှိဘဲ တိုက်ပွဲလွတ်ကင်းရာနေရာတွေမှာ နေထိုင်နေရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ မင်းကင်းမြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"တောသူတောင်သားတွေဆိုတော သူတို့ ရရာအလုပ်တွေနဲ့ တောင်သူနဲ့ဆက်စပ်တဲ့ အလုပ်တွေ ရှာဖွေ လုပ်နေကြရတယ်။ ရရာလုပ်ကိုင်စားပြီး ဝင်ငွေကမရှိတော့ တအား ဆင်းဆင်းရဲရဲ နေကြရတယ်။ အမိုးအကာ မလုံခြုံဘူးဗျ။ ကျန်းမာရေးပိုင်းဆိုင်ရာလည်း ထိခိုက်တာပေါ့ဗျာ"

လက်ရှိ စစ်ဘေးဒုက္ခသည်တွေဟာ ကနီမြို့နယ်ထဲက ဘေးလွတ်ရာနေရာတွေအပြင် မုံကင်း၊ လက်ပံဆိပ်၊ ကျောက်ကြီး၊ ရှမ်းတောနဲ့ ဥယျဉ်မ စတဲ့ ရွာတွေမှာ နေထိုင်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းအတွင်းကရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းတွေ မကြခဏစီးနင်းဝင်ရောက်နေတာကြောင့် ဒေသခံအများစု ဒီနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။