မင်းလှမြို့နယ် ဆားချောင်းရွာ နေအိမ် သုံးဆယ်ခန့် မီးရှို့ခံရ

RFA Burmese
2024.07.17
မင်းလှမြို့နယ် ဆားချောင်းရွာ နေအိမ် သုံးဆယ်ခန့် မီးရှို့ခံရ မင်းလှမြို့နယ်၊ ဆားချောင်းရွာရှိ မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဆားချောင်းရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၅ ရက်နေ့မှာ ဝင်ရောက်မီးရှို့လို့ နေအိမ် သုံးဆယ်ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပဲခူးရိုးမပေါ်ကို စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စမ်းဘုတ်နဲ့ ဆားချောင်းရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းထုတာ တောက်လျှောက်ပဲ။ အဲဒီကနေပြီးတော့ သူတို့ အလောင်းတွေ ပြန်သယ်သွားပြီးတော့ ရွာကို မီးတင်ရှို့ခဲ့တာဗျ။ အလုံးသုံးဆယ်လောက် မီးထဲပါသွားတယ်”

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

ဆားချောင်းရွာဟာ နေအိမ် ခြောက်ဆယ်ခန့်ရှိပြီး ရွာခံတွေကတော့ ဒီနေ့အထိ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေက ဆားချောင်းရွာထဲကို ဝင်ရောက်ရှင်းလင်းချိန်မှာတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၅၃၄ တပ်ရင်း အလံနဲ့ တံဆိပ်တွေကို တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။