မင်္ဂလာဈေးကြီးမီးလောင်မှု အဖွဲ့ဖွဲ့စည်း စစ်ဆေးသွားမည်
2016.01.09

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဈေးကြီးမှာ မီးလောင်းခဲ့တာနဲ့ပတ်သက်ပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဒီကနေ့ ညနေပိုင်း RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးသော်ဒါက ပြောပါတယ်။
"စဖြစ်တဲ့နေအထားကို ကျနော်တို့ စုံစမ်းဆဲရှိပါသေးတယ် မီးလောင်မှုအကြောင်းရင်းကတော့၊ ဖြစ်တာကတော့ တတိယထပ် ၄ လွှာကနေ စဖြစ်တာကို ကျနော်တို့ စတွေ့ရပါတယ်၊ ဆုံးရှုံးမှုနဲ့ မီးလောင်မှုအကြောင်းရင်း ကတော့ အဖွဲ့နဲ့စနစ်တကျ သေချာစစ်ဆေးပြီးမှ ကျနော်တို့က အဖြေပေးနိုင်မှာပါ"
ဒီကနေ့ စနေနေ့ မနက် ၁ နာရီခွဲလောက်ကစပြီး မင်္ဂလာဈေး တတိယထပ် အလှကုန်အစ္စည်း နဲ့ ဆေးပစ္စည်း ရောင်းချတဲ့ ၏အထပ်က စတင်လောင်းကျွမ်းတာဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မီသတ်ကား အစီး ၅ဝ ကျော်အပြင်၊ ပဲခူးတိုင်းဖက်က မီးသတ်ကားတွေပါ လာရောက်ငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကလည်း မင်္ဂလာဈေးမှာ ယခုလိုပဲ မီးလောင်ခဲ့ပြီး ၃ ရက်လောက် ဆက်တိုက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။
အခုမီးလောင်မှုဟာ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်နောက်ပိုင်း အချိန်ကြာဆုံး မီးလောင်မှု တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့် လူအသေအပျောက်မရှိဘူးလို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါကို RFA သတင်းထောက် ကိုဘုန်းမြတ် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။