ဘူးသီးတောင်မှာ မိုင်းနင်းမိလို့ ရိုဟင်ဂျာ ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ
2023.01.27

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှာ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာ ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေး သုံးဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မောင်မာမတ်နုရ် ဖြစ်ပြီး နောက်ထပ် ဆယ်ကျော်သက် အရွယ်တွေဖြစ်တဲ့ ဇာနိအာလောမ်၊ အော်ဇီအူလ္လာ၊ ရော်ဘီအုလ်ဟူဆောင် တို့ သုံးဦး ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဟာ ဖိုးခေါင်ချောင်းရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောင်ပေါ်မှာ ထင်းရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အခုလို သေဆုံးထိခိုက်ဖြစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
"ကလေးတွေက တောင်ပေါ်မှာ ထင်းရှာနေတာ။ အဲဒီမှာ မိုင်းနင်းမိသွားတာ။ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ နောက်ထပ် ကလေး သုံးယောက်က ဒဏ်ရာရသွားတယ်။ ဒဏ်ရာအခြေအနေတွေကတော့ စိုးရိမ်ရတာပေါ့။ အခုတော့ မောင်တောဆေးရုံကို ရောက်သွားပြီ"
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသက ရိုဟင်ဂျာမိသားစုတွေဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် တောင်တောတွေကိုပဲ အမှီပြုပြီး လုပ်ကိုင်စားသောက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား လောလောဆယ် တိုက်ပွဲတွေရပ်စဲထားပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ဟာ ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝကို ခြိမ်းခြောက်နေဆဲပဲလို့ ဘူးသီးတောင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ နားဒင်ရွာက အသက် ၂၄ နှစ်ရွယ် ကိုကျော်ဆန်းဟာ ရွာအနီးက တောင်ပေါ်မှာ ထင်းရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာဖက်ခြေထောက် ဆုံးရှုံးခဲ့ပါတယ်။
ဒေသခံတွေကတော့ အပစ်အခတ်ရပ်စဲထားချိန်မှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုနေပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တစ်ကျော့ပြန် တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀၆ ဦး ရှိပါတယ်။