မင်းပြားမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေဘေးလွတ်ရာထွက်ပြေးနေရ

RFA Burmese
2024.01.10
မင်းပြားမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေဘေးလွတ်ရာထွက်ပြေးနေရ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ဇန်နဝါရီလ ၁၀ ရက် ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲကြောင့် မင်းပြားမြို့ပေါ်နဲ့ အနီးအနားရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို (AA) က ဝင်ရောက်တိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့ ညနေပိုင်းကတည်းက လက်နက်ကြီးပစ်သံတွေ ကြားနေတာပါ။ ဒီနေ့မနက် မှာတော့ လက်နက်ငယ်သံတွေ အပြန်အလှန်ပစ်တာ ကြားရတယ်။ ကျိန်းတောင်မှာ ရှိတဲ့ စခန်းပြီးရင် ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းတွေကို တိုက်တာလို့သိရတယ်။ အခု ဂျက်လေယာဉ်နှစ်စီးနဲ့ လာပစ်နေတာရှိပါတယ်"

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့ ဒဏ်ရာရတာရှိပေမယ့် အရေအတွက် အတိအကျနဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့က စစ်ကောင်စီတပ်ရင်းတွေကို (AA) ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲ ဖြစ်ပါတယ်။

မြောက်ဦးမြို့ပေါ်မှာလည်း ဇန်နဝါရီလ ၉ ရက် နေ့လယ်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ (AA) က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအပြီးမှာ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ဟာ မြို့တွင်းသွားလာနေတဲ့ အရပ်သားသုံးဦးကို ဖမ်းဆီးသွားပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မနေ့ညနေပိုင်းမှာလည်း ခမရ (၅၄၀) တပ်ရင်းကနေ မြောက်ဦးမြို့တွင်းကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အရပ်သားတစ်ဦးထပ်မံသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။