စစ်ကောင်စီဥက္ကဋ္ဌ ရုရှားနိုင်ငံကို တတိယအကြိမ်သွားမည်

2022.09.03
စစ်ကောင်စီဥက္ကဋ္ဌ ရုရှားနိုင်ငံကို တတိယအကြိမ်သွားမည် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ တွေ့ရစဉ်
Photo: REUTERS

ရုရှားနိုင်ငံမှာ ဒီတစ်ပတ်အတွင်း ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေတယ်လို့ စစ်ကောင်စီ မီဒီယာတွေက စက်တင်ဘာ ၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒါဟာ တတိယအကြိမ်မြောက် ရုရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ခရီးစဉ်ကိုတော့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းကဖြစ်ပြီး ဒုတိယအကြိမ် ရုရှားခရီးစဉ်ကိုတော့ ဒီနှစ် ဇူလိုင်လအတွင်းက သွားရောက်ခဲ့တာပါ။

အခုတတိယအကြိမ်ခရီးစဉ်အတွင်း အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်မယ့်အပြင် ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ပြီး နှစ်နိုင်ငံစီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်ဖို့ ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ခုနစ်ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကို ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့ မှာ စက်တင်ဘာလ ၅ ရက်နေ့ကနေ ၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အဲဒီမှာ နိုင်ငံပေါင်း ၄၀ တက်ရောက်မယ်လို့ ရုရှားသတင်းဌာန TASS ကလည်း ဖော်ပြထားပါတယ်။

ဒီဖိုရမ်မှာ အမေရိကန်ငွေကြေးကို အသုံးမပြုဘဲ ကုန်သွယ်ကြမယ့် အခြေအနေအပါအဝင် ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

"ရုရှားက အမေရိကန်နဲ့ အနောက်အုပ်စုက စီးပွားရေးအရ ပိတ်ဆို့ထားတဲ့တိုင်းပြည် ဆိုတော့ ကျနော်တို့နိုင်ငံနဲ့ ဘဝတူပေါ့ဗျာ။ သူတို့ဆွေးနွေးကြမယ့်ထဲမှာ အမေရိကန် ဒေါ်လာ မပါဘဲနဲ့ အပြန်အလှန် ကုန်သွယ်ရေးတွေ၊ ဘယ်လိုငွေပေး၊ ငွေယူလုပ်ကြမလဲ ဆိုတာကအစ၊ နောက် လောင်စာဆီတို့၊ စားသောက်ကုန် အရောင်းအဝယ်ကိစ္စတွေ၊ အဲဒါတွေ ပါလိမ့်မယ်ထင်တယ်"

မြန်မာ-ရုရှား နှစ်နိုင်ငံချင်း ဆွေးနွေးဖြစ်ခဲ့ရင်တော့ လက်နက် အရောင်းအဝယ်၊ အဏုမြူနဲ့ စွမ်းအင်၊ ဆေးဝါးထုတ်လုပ်မှု စတာတွေကို စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးမှု ရှိလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ဒီဖိုရမ်မှာ ၇၀ ထက်မနည်းတဲ့ စီးပွားရေး အခမ်းအနားတွေ ပါဝင်မှာဖြစ်သလို မီဒီယာနဲ့ နိုင်ငံတကာက တက်ရောက်မယ့်သူပေါင်း ၄၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။