တပ်မတော်အခန်းကဏ္ဍ လျော့ကျစေဖို့ နှောင့်ယှက်ဟန့်တားမှုတွေရှိ
2018.12.13

ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်အင်အားစုတွေနဲ့ တချို့အဖွဲ့အစည်းတွေက တပ်မတော်အခန်းကဏ္ဍကို လျော့ကျ သွားစေရေးအတွက် နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားတာတွေ ပြုလုပ်ပြီး တပ်မတော်ပြိုကွဲရေးအထိ ဦးတည် လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မနေ့က ပြုလုပ်တဲ့ ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၀ သင်တန်းဆင်းပွဲမှာ အဲဒီလို ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ နိုင်ငံရဲ့လှုမှုစီးပွားတိုးတတ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ခေတ်မီတပ်မတော် တည်ဆောက်ရေးတွေ မှာ ပါဝင်ဆောင်ရွက်နေတာကို လျော့ကျအောင် အဖွဲ့တချို့က ပြုလုပ်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီလို တပ်မတော် အခန်းကဏ္ဍလျော့ကျအောင် ဘယ်အဖွဲ့အစည်းက ပြုလုပ်နေတယ်ဆိုတာကိုတော့ ထည့်သွင်းပြောကြားတာ မရှိပါဘူး။
လက်ရှိအချိန်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု အပြည့်အဝမရသေးတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မပျောက်ပျက်အောင် တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတာလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။