ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကက်သလစ်ဂိုဏ်းအုပ် ဆရာတော်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး


2018.01.16
catholic-minaunghlaing-622.jpg ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော်တွေ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံကြစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ငြိမ်းချမ်းရေးရဖို့အတွက် တပ်မတော်ဘက်က တစ်ခုထဲနဲ့ ကြိုးစားလို့မရဘဲ တိုင်းရင်းသားအဖွဲ့တွေအပါအဝင် သက်ဆိုင်သူတွေအားလုံး လိုလိုလားလားနဲ့ ဝိုင်းဝန်းကြိုးစားဖို့လိုတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် တခြားသူတွေထက် ပိုလိုလားပေမယ့် ဒီကိစ္စအောင်မြင်ဖို့ တပ်မတော် တစ်ခုထဲနဲ့ လုပ်လို့မရကြောင်း ပြောခဲ့တယ်လို့ ဒီနေ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ လားရှိုးမြို့ ကတ်သလစ် ဂိုဏ်းအုပ် ဆရာတော်ကြီး ဖီးလစ်ဇဟောင်း ကပြောပါတယ်။

ဒီနေ့ နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ပေါလ်ဂရောင် ၊ လားရှိုးမြို့ ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖီးလစ်ဇဟောင်းနဲ့ မြစ်ကြီးနားမြို့ နဲ့ ဗန်းမော်မြို့က ကက်သလစ် သာသနာပိုင်ဆရာတော်တို့ တွေ့ဆုံခဲ့တာဖြစ် ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ပတ်သက်တဲ့ အခြေ အနေတွေကို ရှင်းလင်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဲဒီစခန်းတွေမှာရှိနေတဲ့သူတွေ အတွက် ပြန်လည်ထူထောင်ရေးနဲ့ လိုအပ်တာတွေကို တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြောခဲ့ကြောင်း ဂိုဏ်းအုပ်ဆရာတော်ကြီး ဖီးလစ်ဇဟောင်း ကပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ KIA တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၆ နှစ်ကျော်ခဲ့ပြီဖြစ်သလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။