ပုပ်ခရီးစဉ်ဟာ ဒုက္ခသည်တွေအတွက်လာတဲ့ ခရီးမဟုတ်ဘူးလို့ ပြော
2017.11.30

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ၄ ရက်ကြာ မြန်မာခရီးစဉ်ဟာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့မဟုတ်ဘဲ သံတမန်ရေးအရ လာရောက်တဲ့ ခရီးစဉ်သာဖြစ်တယ်လို့ ဗာတီကန် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မနေ့ညက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ဂရိနိုင်ငံ၊ Lesbos ကျွန်းကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ပုပ်ရဟန်းမင်းကြီး သွားတွေ့ခဲ့တာရှိပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘာလို့မသွားလဲဆိုပြီး မေးမြန်းရာမှာ ဗာတီကန်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Gerg Burk က အခုလို ဖြေကြားပါတယ်။
"လစ်စ်ဘိုခရီးစဉ်ဟာ ဒုက္ခသည်တွေကို သွားတွေ့ဖို့ စီစဉ်ပြီးသွားတာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဒုက္ခသည်တွေကို လာရောက်တွေ့ဆုံတဲ့ ခရီးစဉ်မဟုတ်ပါဘူး။ မြန်မာခရီးစဉ်ကို စီစဉ်နေစဉ်မှာပဲ ဒုက္ခသည်အရေးဖြစ်လာတာပါ။ ဒါကြောင့် မြန်မာခရီးစဉ်ကို ဒုက္ခသည်တွေကို လာတွေ့တဲ့ ခရီးစဉ်အဖြစ် မရှုမြင်စေလိုပါဘူး" လို့ Mr. Greg က ပြောခဲ့တာပါ။
မြန်မာနဲ့ ဗါတီကန်နန်းတော်အကြား သံတမန်ဆက်ဆံရေး တည်ဆောက်အပြီး ၆ လအကြာမှာ ပုပ်ဖရန်စစ်ဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာ ဂရက်က သူ့အနေနဲ့ စကားလုံး တစ်လုံးတည်းနဲ့သာ ပြောလိုကြောင်း အဲဒီစကားလုံးဟာ သတင်းထောက်တွေကြားလိုတဲ့ စကားလုံးမဟုတ်ကြောင်း၊ ပုပ်ခရီးစဉ်ဟာ Unity in Diversity မတူကွဲပြားခြားနားမှုများအားလုံး စည်းလုံးညီညွတ်ကြဖို့နဲ့ အဲဒီလို စည်းလုံး ညီညွတ်ကြပြီး ဘုံသဘောတူတဲ့ မျှော်လင့်ချက်ကိုထားကြဖို့ အဲဒါဟာ လူ့အခွင့်အရေးကို အားလုံးက လေးစား လိုက်နာကြဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲကို ပုပ်ရဟန်းမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Gerg Burk နဲ့အတူ မြန်မာနိုင်ငံရဲ့ ကက်သလစ်ဆရာတော်ကြီး ၃ ပါးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ပြန်ကြားရေးတာဝန်ခံ ဖာသာမာရီယာနို စိုးနိုင်တို့က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ ဖါသာစိုးနိုင်က ကက်သလစ် ဘုရားကျောင်းအနေနဲ့ အစိုးရနဲ့အတူ ဘာကြောင့်ရပ်တည်ပေးရသလဲဆိုရင် အခုလို စကားပြောနိုင်ဖို့အတွက် ၁၉၈၈ ခုနှစ်က မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း လူထောင်နဲ့ချီပြီး အသက်ပေးခဲ့ရကြောင်း အဲဒါကို မိမိတို့ မေ့ပစ်လို့မရကြောင်း ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း၊ နိုင်ငံတေ်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သီတဂူဆရာတော်ကြီး၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့၊ ကတ်သလစ်ဘာသာ ခေါင်းဆောင်တွေ၊ ကတ်သလစ်ဘာသာဝင် လူငယ်တွေအပြင် ပြည်သူတွေ နဲ့ပါတွေ့ဆုံခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် ထွက်ခွာသွားပါတယ်။