ပုပ်ရဟန်းမင်းကြီးနဲ့ မဟန ဆရာတော်တွေ တွေ့ဆုံ


2017.11.29
mahana-meet-pope-622.jpg နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေက ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ တွေ့ရစဉ်
Photo: Thant Zin Oo/ RFA

ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေဟာ အသံမဲ့တွေရဲ့ အသံကို ကြားအောင် ကြိုးစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေက ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်လုံညီလာခံ ကျင်းပနိုင်တဲ့အတွက် ဂုဏ်ပြုချီးမွမ်းကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဖိနှိပ်မှုတွေ ဆင်းရဲမွဲတေမှုတွေကပေးတဲ့ ဒဏ်ရာတွေဟာ ကွဲပြားမှု ဖြစ်စေကြောင်းနဲ့ အဲဒီဒဏ်ရာတွေကို အပြန်အလှန် လေးစားမှု ကြင်နာမှု မေတ္တာတရားကို ဦးတည်ပြီး ဖြေဖျောက်နိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဌ ဖြစ်တဲ့ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက ကမ္ဘာမှာ ဘာသာရေးယုံကြည်မှု နာမည်တပ်ပြီး အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေ ဖြစ်ပေါ်နေတာဟာ ဝမ်းနည်းဖို့ ကောင်းကြောင်း၊ ဘာသာရေးခေါင်းဆောင်တွေက ဘာသာတရားရဲ့ လမ်းညွှန်ချက်အစစ်အမှန်ကို အဂတိတရားမလိုက်စားဘဲ သင်ပေးရမယ့် တာဝန်ရှိကြောင်း ဘာသာအချင်းချင်း ငြိမ်းချမ်းရေးကို ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း ဘာသာမတူပေမယ့် လူသားတွေရဲ့အကျိုးကို ဆောင်ရွက်တာ တူညီကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို မဟန ဆရာတော်(၁၇)ပါး တက်ရောက်ပြီး ပုပ်ရဟန်းမင်းကြီးဘက်က ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတွေနဲ့ ဘာသာဝင် ၂၄ ဦး တက်ရောက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မဟန ဆရာတော်တွေနဲ့ တေ့ွဆုံပြီးနောက် စိန့်မေရီ ကာသီဒြယ်မှာ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့မနက် ကျိုက္ကဆံကွင်းမှာ နယ်ဒေသအသီးသီးက လာရောက်တဲ့ ကက်သလစ်ဘာသာဝင် နှစ်သိန်းနီးပါးနဲ့ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ ညမှာ ဆူးလေရှန်ဂရီလာမှာ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲကို ပုပ်ရဟန်းမင်းကြီးရဲ့ လက်ထောက်ဘုန်းတော်ကြီးက ပြုလုပ်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။