မြန်မာနှစ်ဦးအမှု ပြန်သုံးသပ်ဖို့ ကာချုပ်မင်းအောင်လှိုင် သဝဏ် လွှာပေးပို့


2015.12.27
koh-tao-620.jpg ဗြိတိန်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ်
Photo: BangKok Post

ထိုင်းနိုင်ငံတောင်ပိုင်း Koh Samui ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံ သားနှစ်ဦးကိစ္စကို ထိုင်းအစိုးရ အနေနဲ့ ပြန်လည် သုံးသပ်ပေးဖို့၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ်ထံ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံအစိုးရ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwon ၊ ထိုင်းဘုရင့် တပ်မတော် ဦးစီးချုပ် General Sommai Kaotira တို့ထံ ထိုင်းနိုင်ငံစစ်သံမှုးကနေ တစ်ဆင့်ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာ မှာ သေဒဏ် ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကိစ္စ ထည့်သွင်းဖေါ်ပြခဲ့ တာဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ တရားဥပဒေအရ ဆောင်ရွက်မှု ကို လေးစားကြောင်း၊ ဒါပေမဲ့ သက်သေ အထောက်အထားတွေ ခိုင်လုံမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ပေးစေ လို ကြောင်း၊ တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ် မပေးမိတာထက်၊ အပြစ်မဲ့ သူကို ပြစ်ဒဏ်ပေးမိတာမျိုးမဖြစ်ဖို့ အရေး ကြီးကြောင်း၊ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို အပြန်အလှန် လေးစားယုံကြည်မှုကိုရှေးရှုပြီး၊ တရားဥပဒေ အရ ညီညွတ်မျှတစွာနဲ့ အလေးထား ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ ဒီအမှုမှာ သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိသလို၊ မြန်မာနိုင်ငံ သားနှစ်ယောက်ကို သေဒဏ်ချလိုက်တာကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ထိခိုက်သွားမှာမဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲခေါ်ယူပြီး ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။

သက်သေအထောက်အထားတွေရယူစုဆောင်းတဲ့ အဆင့်တိုင်းမှာ ပွင့်လင်းမြင်သာ ခိုင်လုံမှုရှိကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း စုံစမ်းစစ်ဆေး ခဲ့ကြောင်း၊ နှိပ်စက်ညှဉ်းပမ်းတာတွေ မလုပ်ခဲ့ကြောင်း၊ အုပ်စုတချို့က ဒီအမှုကို နိုင်ငံရေးပြဿနာ အဖြစ် ဆွဲယူနေတဲ့အတွက် အသုံးချမခံကြဖို့ မြန်မာနိုင်ငံသားတွေ ကို တောင်းဆိုကြောင်း ပြောဆိုပါတယ်။

ဒီအမှုကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာတွေရှိပေမဲ့၊ ထိုင်းရဲတပ်ဖွဲ့ကတော့ ဥပဒေအရ နည်းလမ်း တကျ စုံစမ်းစစ်ဆေးမှုတွေ အားလုံးဆောင်ရွက်ပြီးစီး သွားပြီဖြစ် လို့၊ နောက်ထပ်ပြန်မလုပ်နိုင်တော့ဘူးလို့ ပြောဆိုပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ် စီရင်ချက် ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး၊ ထိုင်း မြန်မာနယ်စပ်၊ မြန်မာ ဘက်ခြမ်းက ဘုရားသုံးဆူ နယ်စပ် ဂိတ်ကို မြန်မာ အာဏာပိုင်တွေက ဒီနေ့ပိတ်ထားလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမူနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံ သားနှစ်ဦး အတွက် ဥပဒေကြောင်းအရ ပြန်လည် စဉ်းစားပေးဖို့ ထိုင်းအစိုးရကိုတောင်းဆိုကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။

UNFCအထွေထွေအတွင်းရေးမှုး ခူးဦးရယ်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချမှတ်လိုက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေနေထိုင် တဲ့ နေရာတွေမှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံး အထူး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

ဦးကျော်သောင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။