တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် ပြော

RFA Burmese
2024.12.23
တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင် ပြော ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ မှော်ဘီစစ်သင်တန်းကျောင်း အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ တက်ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

ဒီလအတွင်း တိုင်းစစ်ဌာနချုပ်အပြင် စိုးမိုးနယ်မြေတချို့ လက်လွှတ်ဆုံးရှုံးထားရချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေး တည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ မှော်ဘီစစ်သင်တန်းကျောင်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ က ကျင်းပတဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။

စစ်ခေါင်းဆောင်က တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ စုစည်းညီညွတ်ဖို့ အထူးလိုအပ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုရှိရင် တပ်မတော်ကို ဖြိုခွဲလို့ရမှာမဟုတ်ကြောင်း ပြောခဲ့တာပါ။ ဒါ့အပြင် တပ်တွင်းစည်းရုံးရေးအပြင် တစ်ဖက်ကလည်း လက်တွေ့ကျတဲ့ တပ်ပြင်စည်းရုံးရေး တိုးမြှင့်ဆောင်ရွက်ဖို့ လိုကြောင်းလည်း ပြောခဲ့ပါတယ်။

နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရှေးရှုပြီး တပ်ပြင်စည်းရုံးရေးကို အမျိုးသမီးအရာရှိအားလုံး အလေးထားဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်သားတွေအားလုံး စစ်ဘက်နဲ့ နယ်ဘက်ဆိုင်ရာဥပဒေတွေတင်မကဘဲ နိုင်ငံတကာက လိုက်နာကျင့်သုံးနေတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်းအပါအဝင် စစ်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကိုပါ လိုက်နာဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပြင် ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို လက်လွှတ်ဆုံးရှုံးထားရသလို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ လက်နက်ချထားတာဖြစ်ပါတယ်။ ဒီစစ်ရေးသတင်းတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။