စစ်တွေမြို့က ရပ်ကွက်ရုံးတချို့မှာ စစ်မှုထမ်းရမယ့်လူစာရင်းတွေ ကပ်ထား

RFA Burmese
2024.03.18
စစ်တွေမြို့က ရပ်ကွက်ရုံးတချို့မှာ စစ်မှုထမ်းရမယ့်လူစာရင်းတွေ ကပ်ထား ရခိုင်ပြည်နယ် စစ်တွေမြို့တစ်နေရာကို တွေ့ရစဥ်။ (ယခင်ပုံအဟောင်း)
Photo: RFA

စစ်တွေမြို့မှာ ပြည်သူ့စစ်မှုထမ်းရမယ့် လူငယ်တွေစာရင်း ကောက်ယူနေပြီး စစ်မှုထမ်းရမယ့်လူစာရင်းကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံ‌တွေမှာ ကပ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။

လမ်းမတော်တောင် ဆင်ကူးလမ်းရပ်ကွက်က စစ်မှုထမ်းရမယ့်လူစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နာမည်နဲ့တကွ ကပ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“စစ်မှုထမ်းရဖို့ ရွေးချယ်ထားတဲ့စာရင်းတွေပေါ့။ အုပ်ချုပ်ရေးမှူးရုံ‌တွေမှာ ကပ်ထားတယ်လို့ပြောတယ်။ ကပ်ထားလို့ ဆင်ကူးလမ်းဘက်က တစ်ယောက်ပြောတာကတော့ သူတို့အိမ်နားက တစ်ယောက်လည်း စာရင်းမှာပါတယ်လို့ ပြောတယ်။ တခြားအိမ်တွေကလည်း ပါကြတယ်လို့ပြောတယ်”

ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ အခုလို စစ်မှုထမ်းဖို့ခေါ်ယူနေတာကြောင့် မြို့ခံတွေကတော့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မြို့ပေါ်ရပ်ကွက်အလိုက် စစ်မှုထမ်းရမယ့်လူစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားတယ်ဆိုတဲ့အပေါ် အတည်ပြုချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်းက ဦးဆောင်နေပြီး ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ခရိုင်၊ မြို့နယ်အဆင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သလို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးမှာရှိတဲ့ စာရင်းတွေကိုအခြေခံပြီး စာရင်းကောက်ယူနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းကြောင်း အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံသားမဟုတ်သူတွေကို စစ်မှုမထမ်းခိုင်းဘူးလို့ ပြောဆိုခဲ့ပေမယ့် စစ်တွေမြို့နယ်က ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုတော့ အခြေခံစစ်သင်တန်းပေးနေတဲ့ ရုပ်သံဖိုင်တချို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။