ကျုံပျော်မှာ စစ်မှုထမ်းမယ့်သူတွေအတွက် တစ်အိမ်ကို အနည်းဆုံး ကျပ်ငါးထောင် တောင်း
2024.05.08

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အမှတ်စဉ် (၂) စစ်သင်တန်းကို စစ်မှုထမ်းဖို့သွားရမယ့်သူတွေအတွက် ထောက်ပံ့ဖို့ဆိုပြီး မေလအတွင်း တစ်အိမ်ကို အနည်းဆုံး ငါးထောင်ကျပ်စီ ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာတချို့နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ သင်တန်းအပတ်စဥ် (၂) အတွက် စတင်ခေါ်ယူနေပြီး ထောက်ပံ့ကြေး အနည်းဆုံးငါးထောင်ကျပ်ပေးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်တွေတော့ ပိုက်ဆံကောက်တာတွေ တွေ့တယ်။ တချို့ရပ်ကွက်တွေကိုတော့ ငါးထောင်ကောက်တယ်လို့ ကြားတယ်။ တစ်အိမ်ကိုလေ။ အခုရက်ပဲ ကောက်တာ။ မနေ့ကပဲ ကျွန်တော်တို့ဆီလည်း ကောက်တာပဲ"
ကျုံပျော်မြို့ပေါ်ရပ်ကွက်တွေအပါအဝင် ကွင်းသာကျေးရွာအုပ်စုဘက်မှာတော့ စစ်မှုထမ်းဖို့ ဒေသခံတွေစုပြီး ငှားထည့်ရတာရှိတယ်လို့ ကျုံပျော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"လိုက်ချင်တဲ့သူကို ငှားထည့်တယ်။ သိန်းခုနစ်ဆယ်တို့၊ သိန်းတစ်ရာတို့ ရှိနေတယ်။ ပွဲစားတွေက ရှိသေးတယ်။ ပွဲစားက တစ်ရာရရင် ငှားထည့်တဲ့ကောင်ကို ခုနစ်ဆယ်ပေးရင်ပေးမယ်။ အဲဒါမျိုးတွေတောင် ရှိသေးတယ်"
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကျုံပျော်မြို့နယ်မှာ မတ်လကတည်းက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေ လုပ်ခဲ့ပြီး အပတ်စဉ် (၁) အတွက် ရွေးချယ်ခံရသူတချို့ကို မတ်လ ၂၈ ရက်နေ့ကတည်းက ခေါ်သွားတာလို့ ဆိုပါတယ်။
ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့ကလည်း ဧရာဝတီတိုင်း ၂၆ မြို့နယ်က အပတ်စဉ် (၁) အတွက် စာရင်းပါဝင်သူ လူအင်အားတစ်ထောင်ခန့်ကို ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ဆေးစစ်မှုတွေလုပ်ဖို့ မတ်လ၂၈ ရက်နေ့မှာ ခေါ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။