စစ်မှုမထမ်းဘဲထွက်ပြေးရင် မိသားစုကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်
2024.03.19

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မဲနှိုက်ရွေးချယ်ခံရသူတချို့ စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်နေတဲ့အပေါ် မိသားစုကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့က ဖျာပုံမြို့နယ်၊ အောင်သာယာရွာမှာ စစ်မှုထမ်းဖို့အတွက် အသက် ၂၄ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေထဲက လေးဦးကို မဲနှိုက်ရွေးချယ်ခဲ့ပြီး နှစ်ဦးကို ပထမအကြိမ် ခေါ်ယူမှာဖြစ်သလို နောက်နှစ်ဦးကိုတော့ ဒုတိယအကြိမ် ခေါ်ယူမယ်လို့ဆိုပါတယ်။
ပထမအကြိမ်ခေါ်ယူမယ့် နှစ်ဦးထဲက နံပါတ်နှစ် မဲပေါက်သူတစ်ဦး ထွက်ပြေးခဲ့တာကြောင့် မတ်လ ၂၀ ရက်နေ့နောက်ပိုင်း ပြန်မလာရင် မိသားစုကိုအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မဲပေါက်တာက နှစ်ယောက်လေ။ တစ်ယောက်စီကို တစ်တို့ နှစ်တို့ပေါက်တာကို နှစ်က ပြေးသွားတယ်။ မိသားစုကို သူတို့ နောက်ဆုံးရက်ချိန်းပေးထားတဲ့ မတ်လ ၂၀ ရက်နေ့ကျော်လို့မှပြန်မလာရင် အမေကိုအရေးယူမယ်တဲ့။ မိသားစုတွေက ကြောက်နေကြတာပေါ့”
မြောင်းမြ၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာရှိတဲ့ ဒေသခံလူငယ်တွေကို မတ်လ တတိယအပတ်ကစပြီး မဲနှိုက်ရွေးချယ်မှုတွေ ဆက်တိုက်လုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ဟင်္သာတမြို့မှာလည်း မတ်လ ၁၆ ရက်ကစပြီး ကျောင်းသားနဲ့ အစိုးရဝန်ထမ်းကလွဲလို့ အသက် ၂၀ ကနေ ၃၀ အတွင်း အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် မဲနှိုက်ရွေးချယ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မဲနှိုက်ရသူ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းစာရင်းမှာပါလို့ ထွက်ပြေးရင် မိသားစုကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ မဲနှိုက်ခဲ့ရသူ ဟင်္သာမြို့ခံလူငယ်တစ်ဦးက RFA ကိုပြောပါတယ်။
“အဲဒီလို ချက်ချင်းကျခဲ့ရင်တော့ ကျွန်တော်တို့ကထွက်ပြေးဖို့ စဥ်းစားထားတာပေါ့နော်။ ဒီအထဲတော့ မလိုက်နိုင်ဘူး။ ဆန္ဒမရှိဘဲ လုံးဝကို မလိုက်နိုင်ဘူး။ ဒါပေမဲ့ အဲဒီလိုထွက်ပြေးရင် အနောက်က ကျန်ခဲ့တဲ့မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့ဟာတွေကလည်း ပြောနေကြတယ်။ ကျန်တဲ့သူကို ဒုက္ခရောက်အောင် လုပ်မယ်တို့ဘာတို့က အဲဒါတွေလည်း အများကြီးရှိပါတယ်”
မိသားစုဝင်တွေကို အရေးယူမယ်ဆိုပြီး ပြောဆိုနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။
ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ ပါဝင်ပါတယ်။