၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေကြောင်း စစ်ကောင်စီပြော

စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ နေရာမကျန် ကျင်းပနိုင်အောင် ကြိုးစားနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက်ပါတယ်။
"ရွေးကောက်ပွဲကို ကျနော်တို့ လုပ်နိုင်တဲ့နေရာမှာလုပ်မယ်။ မလုပ်နိုင်တဲ့နေရာမှာ မလုပ်ဘဲချန်ထားရင် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲရဲ့ အနှစ်သာရတွေ ယုတ်လျော့ သွားမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ပြောကြားလိုပါတယ်"
၂၀၁၀ နောက်ပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မြို့နယ် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ် ၃၁၅ မြို့နယ် ကျင်းပနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်ကနေစပြီး မြို့နယ်တွေ တဖြည်းဖြည်းလျော့ကျင်းပနိုင်ခဲ့တာကို တွေ့ရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်ကို ကျင့်သုံးသည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ပါတီစုံ ဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံး မည်သည့်နေရာဒေသမကျန် ကျင့်သုံးရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ဒီလို ကျင့်သုံးနိုင်ဖို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ဆောင်ရွက်ပေးရမှာဖြစ်ပြီး ဒါကလည်း အမည်ခေါ်ဝေါ် တဲ့အခါ အထွေထွေ ရွေးကောက်ပွဲလို့ခေါ်တဲ့ (General Election) ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို အချိုးကျ ကိုယ်စားပြုစနစ် (PR)၊ အမျိုးသား လွှတ်တော်ကိုတော့ နိုင်သူအကုန်ယူစနစ် (FPTP) နဲ့ ကျင့်သုံးဖို့ ရှိလာနိုင်တယ်လို့ ဒီနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ရွေးချယ်ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ တရားဝင်နိုင်ငံရေးပါတီ ၉၀ ကျော်ထဲက ပါတီ ၅၉ ခုဟာ ပြီးခဲ့တဲ့နှစ် မေလက ပထမဆုံးအကြိမ် နေပြည်တော်မှာ တွေ့ဆုံပြီး PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလထဲမှာလည်း နေပြည်တော်မှာပဲ ဒုတိယအကြိမ် နိုင်ငံရေးပါတီ ၅၃ ပါတီနဲ့ ထပ်မံဆွေးနွေး ခဲ့ကြသလို ဒီဇင်ဘာလမှာတော့ နိုင်ငံရေးပါတီ ၆၂ ပါတီနဲ့ တတိယအကြိမ် ရန်ကုန်မြို့မှာ ဆွေးနွေးပွဲ ထပ်လုပ်ခဲ့ကြပါတယ်။
NLD ပါတီ ဗဟိုကော်မတီဝင်တစ်ဦးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကို ဦးစီး ကျင်းပပေးခွင့်မရှိသလို ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းပေး ပိုင်ခွင့် မရှိတာကြောင့် လက်ရှိဆောင်ရွက်နေတာတွေဟာ တရားဝင်မှုမရှိဘူးလို့ RFA ကိုပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က အခုလို ရွေးကောက်ပွဲလုပ်ဖို့ ထုတ်ဖော်ပြောဆိုနေပေမယ့် လက်တွေ့ မှာတော့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မလွယ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောဆိုထားကြပါတယ်။