ထန်တလန်ကို စစ်ကောင်စီ မထိန်းချုပ်နိုင်သေးကြောင်း CNF ပြော
2023.10.31
စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်လုံးက တပ်စွဲထားတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီက မထိန်းချုပ်နိုင်သေးဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အောက်တိုဘာ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။
“(ထိန်းချုပ်နိုင်တာ) ဘာမှမရှိပါ။ သတင်းလိမ်ဝါဒ ဖြန့်တာပါ။ တိုက်ပွဲလည်း မရှိပါဘူး”
စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထန်တလန်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာပါ။
ထန်တလန်က တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံနဲ့ ဟားခါးမြို့ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြို့ခံနှစ်ဦးကလည်း မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေဟာ အရင်အတိုင်း ရှိနေဆဲပဲလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ထန်တလန်မြို့ပေါ်က ဆေးရုံနဲ့ အထက်တန်းကျောင်းအထိ အောက်တိုဘာလ ၂၉ ရက်မှာ စစ်တပ်က ပြန်ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ဘ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၁ ခုနှစ် အောက်တိုဘာလကစလို့ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြို့ပေါ်ကနေ အိမ်ပေါင်း နှစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ Myanmar Accountability Project အဖွဲ့က အောက်တိုဘာလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။