ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ထုတ်ပြန်
2024.03.30

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA) ထိန်းချုပ်ခဲ့တဲ့ ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ထိုးစစ်ဆင်ခဲ့တာပါ။
၃၂ ရက်ကြာအောင် ထိုးစစ်ဆင်ပြီးနောက် ဟိုခဲဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဆေးရုံဝန်ထမ်းအိမ်ရာ၊ ရဲစခန်း၊ မွေတော်ဘုရားကုန်း၊ စံဖူးကျေးရွာ၊ ကျောက်ကချား၊ ဘုရားဖြူလမ်းဆုံတို့ကို သိမ်းယူနိုင်ခဲ့ကာ မတ်လ ၂၅ ရက်မှာ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် ကတော့ ဆီဆိုင်မြို့ကို စစ်ကောင်စီ အလုံးစုံမထိန်းချုပ်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
"အလုံးစုံ မဟုတ်ပါ စစ်ပွဲဇုန်ဖြစ်နေပါသည်။ သူဝင် ကိုယ်ဝင်ပါပဲ။ စကစ က ဝါဒဖြန့်ရုံသက်သက်ပါ"
ဆီဆိုင်မြို့ဟာ တိုက်ပွဲဇုန်အတွင်းကျရောက်နေလို့ ပြည်သူတွေအရဲစွန့်ပြီး မြို့အတွင်းမဝင်ကြဖို့ မတ်လ ၂၇ ရက်မှာ PNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ရက်ကစလို့ စစ်ကောင်စီနဲ့ PNLA တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေအတွင်း အရပ်သား ၅၃ ဦးသေဆုံးခဲ့ပြီး ၆၈ ဦးဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က မတ်လ ၂၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။