စစ်ကောင်စီထောက်လှမ်းရေးအရာရှိ မိုးကောင်းမြို့နယ်မှာ သတ်ဖြတ်ခံရ
2023.01.28
ကချင်ပြည်နယ်အခြေစိုက် ဗန်းမော်တပ်နယ် ကွန်မန်ဒို စစ်ထောက်လှမ်းရေး အရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစစ်နိုင်ကို ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLACK K အဖွဲ့က ဇန်နဝါရီ ၂၈ရက်နေ့မှာ ဖမ်းဆီးရှင်းလင်းခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက RFA ကိုပြောပါတယ်။
နေ့လယ် ၁၂ နာရီကျော်လောက်က မိုးကောင်း-ဖားကန့် သွားတဲ့လမ်းမမှာ ဖမ်းဆီးပြီး ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ မိုးကောင်း-ဖားကန့် ကားလမ်းမပိုင်းမှာ ကားသမားအယောင်ဆောင်ပြီး KIA၊ PDF တွေရဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းနေတာကြောင့် အခုလို ဖမ်းဆီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်ကြီးပိုင်သူစိုးကို ဖမ်းဆီးရမိချိန် စစ်ဆေးမေးမြန်းချက်တွေအရ သူဟာ ကချင်ပြည်နယ်အတွင်းက ဒီမိုကရေစီ အရေးလှုပ်ရှားနေတဲ့ အမျိုးသမီးငယ် ငါးဦးခန့်ကို ဖမ်းဆီးအရေးယူပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။
သူ့ရဲ့ ဖုန်းထဲမှာ စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုထားတဲ့ Viber Group Chat ထဲမှာ စစ်ကိုင်းတိုင်း ကသာခရိုင် မိုးတာလေးကျေးရွာဘက်မှာ ခြေလျင်တပ်ရင်း ခလရ ၇၇ ဝိုင်းခံထားရတဲ့အကြောင်း၊ တစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာ ရရှိတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ဘက်ကို ခြေမြန်တပ်ရင်း ၃၃၃ ရောက်ရှိတဲ့ အကြောင်းတွေ တွေ့ရှိခဲ့တယ်လို့ UG BLACK K အဖွဲ့ တာဝန်ခံက ပြောပါတယ်။
ဗိုလ်ကြီး ပိုင်သူစိုး ဖမ်းဆီးရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို မေးမြန်းချိန်မှာတော့ တိုက်ပွဲသတင်းတွေ၊ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး မသိရှိကြောင်း ပြောပါတယ်။
UG BLACK K အဖွဲ့ဟာ စစ်အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အတွင်း ဒွန်ဘန်အကျဉ်းထောင်မှူး ဗိုလ်ကြီးကိုင်ဇာလျန်အပါအဝင် မိုးကောင်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ရဲတပ်ဖွဲ့နယ်ထိန်းအရာရှိတွေကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဖွဲ့ပြောပြချက်အရ သိရပါတယ်။