နာဂဒေသမှာ ဖိအားပေး စစ်မှုထမ်းခိုင်းတာကြောင့် လူငယ် ရာနဲ့ချီ ထွက်ပြေး

RFA Burmese
2024.04.04
နာဂဒေသမှာ ဖိအားပေး စစ်မှုထမ်းခိုင်းတာကြောင့် လူငယ် ရာနဲ့ချီ ထွက်ပြေး စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၂ ရက်နေ့က တွေ့ရစဉ်။
La Se Qai Paranaga

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ မတ်လ ၃၀ ရက်နေ့ကစပြီး ဒေသအာဏာပိုင်တွေက စစ်မှုထမ်းခိုင်းဖို့အတွက် ဖိအားပေးလုပ်ဆောင်တာတွေရှိနေလို့ ဧပြီလ ၄ ရက်နေ့အထိ လူငယ် နှစ်ရာခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းခိုင်းခိုင်းဖို့အတွက် လူငယ်တွေကို စစ်တပ်၊ ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာလို့ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တစ်မြို့နယ်လုံးမှာရှိတဲ့ လူငယ်တွေမရှိတော့ဘူး။ တောထဲမှာ ရှောင်ပုန်းနေရတယ်။ နီးစပ်ရာကိုပြေးကြတော့ နှစ်ရာကျော်လောက် ရှိနိုင်မယ်ဗျ။ နောက်ထပ်ရှောင်ပြေးနေတဲ့ အရေအတွက်ခန့်မှန်းက မသိရသေးဘူး၊ ပိုများလာနိုင်တယ်”

မြို့ပေါ်နဲ့ အနီးတစ်၀ိုက်ရွာတွေက အခြေအနေကိုသာသိရပြီး ဝေးလံတဲ့ရွာတွေမှာတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့် အဲဒီဘက်က အခြေအနေကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

မတ်လ ၃၀ ရက်နေ့ကတော့ လေရှီးမြို့ပေါ်ရဲ့ အနီးတစ်၀ိုက်ရွာတွေက လူငယ် ၁၈ ဦး ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ်ဖမ်းဆီးမှုတွေဆက်လုပ်မှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပထမဆုံးစစ်သင်တန်းကို အခုဧပြီလအတွင်းမှာ စတင်ဖွင့်လှစ်ဖို့ပြင်ဆင်နေပြီး နည်းဥပဒေကိုလည်း မကြာခင်မှာထုတ်ပြန်မယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။