မြန်မာ့တပ်မတော် လေယာဉ် ပျက်ကျ လိုက်ပါသူ ၅ ဦး လုံး သေဆုံး


2016.02.10
plan-crash-620.jpg နေပြည်တော်၊ ကြံ့ခင်းကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က လေယာဉ်တစ်စီးပျက်ကျမှုကြောင့် လူငါးဦးသေဆုံးခဲ့ပါတယ်
Photo: Win Ko Ko Latt/RFA

မြန်မာ့တပ်မတော် (လေ) က Beech-1900D အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ပျံတစ်စင်းဟာ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့က နေပြည်တော်လေယာဉ်ကွင်းက အတက်မှာ ပျက်ကျသွားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အဲ့ဒီလေယာဉ်ပျံဟာ လေယာဉ်ပြေးလမ်းကနေ ပေ ၂ဝဝဝ မှာ ပျက်ကျသွားခဲ့တာဖြစ်ကြောင်းနဲ့  လေယာဉ်ပေါ်မှာ လိုက်ပါသွားခဲ့သူ ၅ ဦးအနက် လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး ၂ ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးတို့က ပျက်ကျနေရာမှာပဲ အသက်ဆုံးခဲ့ပြီး ကျန် ဒု တပ်ကြပ် တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားကြောင်း ဖေါ်ပြထားပါတယ်။

Wikipedia စွယ်စုံကျမ်းအရဆိုရင် မြန်မာ့တပ်မတော်မှာ လူ ၁၉ ဦးလိုက်ပါနိုင်တဲ့ အဲ့ဒီ Beechcraft 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးနဲ့ အထွေထွေသုံး လေယာဉ်ပျံ ၂ စင်းရှိတဲ့အနက်က အခု တစ်စင်း ပျက်ကျသွားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ်မှာအခြေစိုက်တဲ့ Beechcraft Corporation ကထုတ်လုပ်တဲ့ အဲ့ဒီ Beechcraft 1900D လေယာဉ်ပျံတွေကို အမေရိကန်ပြည်တွင်း လေကြောင်းတချို့နဲ့ အမေရိကန်တပ်မတော်မှာပါ အသုံးပြုနေသလို ကနေဒါ၊ တရုတ်၊ ထိုင်း၊ သြစတြေးလျှား စတဲ့ တခြား ကမ္ဘာ့နိုင်ငံတွေမှာလည်း သုံးစွဲနေပါတယ်။

Beeachcraft 1900 လေယာဉ်ပျံတွေကို ၁၉၈၄ မှာ စတင်ပျံသန်းခဲ့ပြီး 1900D အမျိုးအစား လေယာဉ်ပျံတွေကိုတော့ ၁၉၉၁ ခုနှစ်မှာစတင် ထုတ်လုပ်သုံးစွဲခဲ့ပါတယ်။  ပြေးလမ်းတိုနဲ့ အတက်အဆင်းလုပ်နိုင်ပြီး တစ်စင်းကို အမေရိကန်ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိတဲ့ Beechcraft 1900 လေယာဉ်ပျံအစင်း ၇ဝဝ နီးပါး အခုအချိန်ထိ ထုတ်လုပ်ခဲ့ရာမှာ 1900D အမျိုးအစားက ၄၃၉ စင်း ပါဝင်ပါတယ်။  ကမ္ဘာအရပ်ရပ်မှာ ၂ဝ၁၄ ဇူလိုင်လအထိ ပျံသန်းနေဆဲ 1900D လေယာဉ်ပျံ ၂၂၁ စင်းပဲရှိရာကနေ အခုတော့ တစ်စင်းထပ်မံ လျှော့သွားပြီဖြစ်ပါတယ်။

အဲ့ဒီလေယာဉ်ပျံဟာ လူ ၁၉ ဦးအပြည့် တင်ဆောင်ပြီး မိုင် ၄ဝဝ ကျော်ခရီးကို အမြင့်ပေ ၂ သောင်းခွဲကနေ တစ်နာရီကို မိုင် ၃ဝဝ ကျော်နှုန်းနဲ့ မရပ်မနားပျံသန်းနိုင်ပါတယ်။  တကယ်လို့ ခရီးသည်နဲ့ ကုန်စည်မပါပဲ အပိုလေယာဉ်ဆီပါ သယ်ဆောင်ပျံသန်းမယ်ဆိုရင်တော့ မိုင် ၁၄ဝဝ ကျော်အထိ တဆက်တည်း ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်(လေ) မှာ လေယာဉ်ပျံ ၂၃ဝ ခန့်ရှိတဲ့အနက် တရုတ်နိုင်ငံထုတ် လေယာဉ်ပျံက ၆ဝ ကျော်နဲ့ ရုရှားနိုင်ငံ ထုတ်လေယာဉ်ပျံက ၅ဝ ကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုထုတ် လေယာဉ်ပျံက ၂၁ စင်းပဲရှိရာကနေ အခု တစ်စင်း ဆုံးရှုံးသွားတာဖြစ်ပါတယ်။ အဲ့ဒီလေယာဉ်ပျံဟာ ကမ္ဘာတဝှမ်းမှာ အစင်း ၂ဝ မြောက်ပျက်ကျတဲ့ Beech 1900 လေယာဉ်ပျံဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလေယာဉ်ဟာ စက်ချို့ယွင်းလို့ ပျက်ကျတာဖြစ်ကြောင်းနဲ့ အသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။