တပ်မတော်ပိုင်လေယာဉ် မီးလောင်
2016.11.23

ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ ဒီကနေ့မနက်က တပ်မတော်ပိုင် လေယာဉ်တစ်စီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မနက် ၉ နာရီ ၄၀ မိနစ်မှာ ပြင်ဆင်ဖို့အတွက် ရပ်နားထားတဲ့ တပ်မတော်ပိုင် F7 လေယာဉ်တစ်စီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်က မီးသတ်ယာဉ်တွေနဲ့ လေဆိပ်က မီးသတ်ယာဉ်တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် မနက် ၉ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လေယာဉ်ကို စက်နှိုးစမ်းသပ်ရာကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တပ်မတော်ဘက်ကိုသာ မေးမြန်း ဖို့ ပြောပါတယ်။