ကုလသမဂ္ဂမှာ မြန်မာ့အရေးဆွေးနွေးချက် စစ်ကောင်စီ ကန့်ကွက်

RFA Burmese
2024.09.25
ကုလသမဂ္ဂမှာ မြန်မာ့အရေးဆွေးနွေးချက် စစ်ကောင်စီ ကန့်ကွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကျင်းပစဥ်။
Reuters

ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးရဲ့ မြန်မာ့အရေး ဆွေးနွေးချက်တွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က စစ်ကောင်စီဟာ နယ်မြေဆုံရှုံးမှုတွေ ရှိလာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာဒေသမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အရေအတွက်တိုးလာတဲ့အကြောင်း မနေ့က ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

စစ်ကောင်စီကတော့ ဆွေးနွေးပွဲကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ ရေးသားသူတွေဟာ ဘက်မလိုက်မှု၊ ယုံကြည်စိတ်ချရမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုတွေကို မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ထည့်သွင်းဖော်ပြထားတာမရှိဘဲ အရပ်သားဝန်ထမ်းတွေကို ပစ်မှတ်ထားဖို့ လှုံ့ဆော်နေတာက တုန်လှုပ်ဖွယ်ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ပြည်တွင်းထဲက နိုင်ငံတကာသံရုံးတွေနဲ့ နိုင်ငံတကာ အေဂျင်စီတွေကိုလည်း လူသားချင်းစာနာမှု လုပ်ငန်းတွေလုပ်ဖို့ ကန့်သတ်ထားတာ မရှိဘူးလို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီးကတော့ အာဏာသိမ်းပြီးနောက် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၅,၆၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်းနဲ့ ဖမ်းဆီးထားသူ အများအပြားဟာ ထိန်းသိမ်းခံရချိန်မှာ သေဆုံးပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဆိုးရွားတဲ့အခြေအနေတွေလည်း ကြုံနေရတယ်လို့ မနေ့က ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။