ရုရှားကလောင်စာဆီရရေး စစ်ကောင်စီ ဆွေးနွေးနေ

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းဖို့ ရုရှားနိုင်ငံက လောင်စာဆီ တင်သွင်းမှုတွေလုပ်နိုင်ရေး ရုရှားနဲ့ မြန်မာစစ်ကောင်စီ ဆွေးနွေးနေတဲ့အကြောင်း Bloomberg သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ဒီနှစ်ဆန်းကစပြီး ရန်ကုန်မြို့နဲ့ တခြားမြို့တွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ သိသိသာသာ ရှိလာနေပါတယ်။
သင့်တော်တဲ့ဈေးနဲ့ လောင်စာဆီတွေ အလုံအလောက်တင်သွင်းနိုင်ရေး ရုရှားအပါအဝင် တခြားနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်၊ ဇွန်လကစပြီး သိသာတဲ့ တိုးတက်ဖြစ်ထွန်းမှု တွေကို မြင်ရလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောတယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားစွမ်းအင်ဝန်ကြီးဌာနကတော့ ဒီကိစ္စကို မှတ်ချက်ပေးဖို့ ငြင်းပါတယ်။
ရုရှားနဲ့ မြန်မာစစ်တပ်ဟာ ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုတွေ အခိုင်အမာရှိနေပြီး မြန်မာစစ်တပ်ကို စစ်သင်တန်းတွေပေးတာနဲ့ လက်နက်ရောင်းချတာတွေကို ရုရှားက လုပ်နေပါတယ်။
အာဏာသိမ်းပြီး တက်လာတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံအနည်းစုထဲမှာလည်း ရုရှားက ပါဝင်နေတာပါ။