စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်အပြီးမှာ လက်နက်ဝယ်ယူမှု ပိုတိုးလာနိုင်
2021.06.28
ဇွန် ၂၀ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နိုင်ငံတကာလုံခြုံရေး အစည်းအဝေး တက်ရောက်ဖို့ သွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ မနေ့က ဇွန်လ ၂၇ ရက် နေ့မှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါပြီ။
ရုရှားဟာ နိုင်ငံချင်း အလှမ်းဝေးပေမယ့် မြန်မာနိုင်ငံရဲ့ မိတ်ဆွေဟောင်း မိတ်ဆွေကောင်း နိုင်ငံဖြစ်ပြီး စစ်ဘက်နည်းပညာ အမြင့်ဆုံး အခြေအနေအပြင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေကိုပါ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဇွန်လ ၂၂ ရက်နေ့က Russia 24 Media နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"ရုရှားက ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံချင်း အလှမ်း ဝေးပေမယ့် စိတ်ချင်းနီးတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံချင်းတော့ အလှမ်းဝေးပေမယ့် စိတ်ချင်းနီးတဲ့ နိုင်ငံ ဖြစ်တယ်။ သဘောထားချင်း နီးစပ်စွာတူညီတဲ့ နိုင်ငံဖြစ်တယ်။ သမိုင်းနောက်ခံ အခြေအနေတွေလည်း တော်တော်များများ တူတဲ့နိုင်ငံ ဖြစ်တယ်။ ကျွန်တော်တို့ ရုန်းကန်ရတာလည်း တူတဲ့နိုင်ငံဖြစ်တယ်။ ဒါကြောင့် ရုရှားနိုင်ငံနဲ့ ကျွန်တော်တို့ကတော့ ထာဝရ မိတ်ဆွေနိုင်ငံလို့ တင်စားပြောပါရစေ။ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်မှာတော့ စစ်ဘက်နည်းပညာ အမြင့်မားဆုံး အခြေအနေပေါ့လေ။ ဆက်လုပ်စရာ ကဏ္ဍတွေလည်းရှိပါတယ်။ သို့သော်လည်း ပိုပြီး လုပ်ဖို့လိုတာတွေကတော့ နှစ်နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ၊ ကမ္ဘာလှည့်ခရီးသွား ကဏ္ဍတွေ၊ ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပညာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ရည်ရွယ်ထားတယ်။"
မြန်မာဟာ ရုရှားနိုင်ငံနဲ့ တည်နေရာ အနေအထား ဝေးကွာပေမယ့် မြန်မာနိုင်ငံရဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်ကတည်းက ရှည်လျှားတဲ့ ဆက်ဆံရေးရှိခဲ့ပြီး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွေကတော့ ဒီနှစ်အတွင်းမှာ ပိုများလာတာ တွေ့ရပါတယ်။
"အာရှပစိဖိတ်ဒေသမှာ ပထဝီနိုင်ငံရေး အရ အနောက်နိုင်ငံနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ ခြေကုတ်မရဖို့၊ တစ်နည်းအားဖြင့် အာဏာမရဖို့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အနောက်ကမ္ဘာက ဝင်ရောက် မစွက်ဖက်နိုင်ဖို့ဆိုရင် ရုရှား အကူအညီကို ယူပြီးတော့ မြန်မာက လုပ်မှာပဲ။
ရုရှားဟာ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တာကြောင့် အစဉ်အဆက် လုပ်ဆောင်လာတဲ့ လက်နက်ဝယ်ယူမှုတွေကို အရင်ကထက်ပိုပြီး တိုးမြှင့်လာနိုင်တယ်၊ အထူးသဖြင့် ရေတပ်နဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာနိုင်တယ်လို့ စစ်ရေး၊ လုံခြုံရေး လေ့လာသူ ဦးကျော်ဇောဟန်က သုံးသပ် ပါတယ်။
"ဒီအစဉ်အလာ လက်နက်ဝယ်ယူမှု ပညာသင်မှုတွေကိုဆက်ပြီးတော့ အရင်အတိုင်းပဲ ဆက်သွားတာတွေ၊ ထပ်ပြီး တိုးမြှင့်လာနိုင်တာတွေရှိတယ်။ အာရှပစိဖိတ်ဒေသမှာ ပထဝီနိုင်ငံရေး အရ အနောက်နိုင်ငံနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ ခြေကုတ်မရဖို့၊ တစ်နည်းအားဖြင့် အာဏာမရဖို့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အနောက်ကမ္ဘာက ဝင်ရောက် မစွက်ဖက်နိုင်ဖို့ဆိုရင် ရုရှား အကူအညီကို ယူပြီးတော့ မြန်မာက လုပ်မှာပဲ။ ဒီအတွက်လည်း ရုရှားက အကူအညီပေးမှာပဲ။ လက်နက်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ အရင်ကထက်ပိုပြီးတော့ ရုရှားကို မှီခိုလိမ့်မယ်။ လက်နက် အရောင်းအဝယ်ကိစ္စတွေ ဒီထက် ပိုတိုးဖို့ ရှိနိုင်တယ်။ အထူးသဖြင့် ဆက်လက်တိုးမြှင့်ဖို့ဆိုတဲ့ နေရာမှာ ရေတပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုပြီးတော့ တိုးမြှင့်ဆက်ဆံမှုတွေ လုပ်သွားမယ်လို့ ယူဆရတယ်။"
လက်ရှိမှာ ရုရှားဟာ မြန်မာစစ်တပ်ကို စစ်သင်တန်းပေးတာ ထောင်နဲ့ချီတဲ့ စစ်သားတွေကို ရုရှားတက္ကသိုလ် တွေကနေ ပညာသင်ဆုတွေ ပေးတာတွေအပြင် မြန်မာနိုင်ငံကို တိုက်ရိုက် လက်နက်ရောင်းချတာတွေလည်း လုပ်ဆောင်နေပါတယ်။
ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကတော့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု ကို ပြစ်တင်ရှုတ်ချထားပြီး စစ်ကောင်စီကို တစ်ကမ္ဘာလုံးက ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “မြန်မာနိုင်ငံထံ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး” (Prevent the flow of arms to Myanmar) ဆုံးဖြတ်ချက်ကို ချမှတ်ထားပါတယ်။
Russia 24 Media နဲ့ တွေ့ဆုံစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ ရှိခဲ့ပြီး ဒီအခြေအနေတွေကို တွေ့ဆုံဆွေးနွေး ရှင်းလင်းတာတွေ မလုပ်ခဲ့တဲ့ အတွက် တိုင်းပြည် မှာ အခုလို ပြဿနာတွေ ဖြစ်လာရတာဖြစ်တယ်လို့လည်း စွပ်စွဲသွားပါတယ်။

လက်ရှိ အရေးပေါ် အခြေအနေ ကာလတွေကို ကျော်လွန်ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ပြန်ရောက်ပြီဆိုရင် နှစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲ မဖြစ်မနေလုပ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးသွားပါတယ်။
"ကျွန်တော်ကတော့ စတက်ကတည်းက ရှေ့လုပ်ငန်းစဉ် ငါးချက် ကြေညာထားတာရှိတယ်။ အဲဒီမှာ အရေးပေါ် အခြေအနေ ကာလတွေ ကျော်လွန်ပြီး ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် လုပ်သင့် လုပ်ဆောင် တာတွေ ပြီးအောင်ဆောင်ရွက်ပြီးပြီ ဆိုလို့ရှိရင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲတစ်ခုကို ကျွန်တော် ပြန်လုပ်မယ်လို့ ပြောထားတာရှိတယ်။ မဖြစ်မနေလုပ်မှာပါ။ သို့သော်လည်းပဲ တည်ငြိမ် အေးချမ်းတဲ့ အခြေအနေကို ရောက်ဖို့တော့ လိုပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြီးမြောက်အောင်လည်းလိုပါတယ်။ ဒီအပေါ်မှာ ပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲ မလွှဲမသွေ လုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်တာပေါ့ဗျာ။ ကျွန်တော့်မှာ ဒီအခြေခံ ဥပဒေအရ အရေးပေါ်ကာလ တစ်နှစ်ပဲ ကြေညာလို့ရပါတယ်။ ဒါကိုမပြီးမြောက်ဘူးဆိုရင် တာဝန်ရှိတဲ့ အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ ခြောက်လ တစ်ကြိမ် ခြောက်လ တစ်ကြိမ် သက်တမ်းနှစ်ကြိမ် တိုးခွင့်ရှိတယ်။ အားလုံး တစ်နှစ် နှစ်နှစ်။ အဲဒီတာ့ အကြမ်းဖျင်းအားဖြင့်တော့ ဒီနှစ်နှစ် အတွင်းမှာတော့ ရွေးကောက်ပွဲ ပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ် ဆိုတာကို ကျွန်တော်ပြောလိုတယ်။"
တိုင်းပြည်က လက်ရှိအခြေအနေမှာ ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို မရောက်သေးပေမယ့် နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတိအကျ ပြောဆို သွားတာပါ။
တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းကနေ အာဏာသိမ်းထားတာ ဖြစ်တဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူပေးထားတဲ့ ကတိအတိုင်း ရွေးကောက်ပွဲကို နှစ်နှစ်အတွင်း လုပ်ပေး နိုင်လိမ့်မယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။
“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူပေးထားတဲ့ ကတိအတိုင်း လုပ်မယ်လို့ယူဆတယ်။ စပြီးတက် လာကတည်းကလည်း ရွေးကောက်ပွဲ တစ်ရပ်ပြန်ပြီးလုပ်ဖို့ဆိုတာ ပါပြီးသား။ ဒါက အခြေအနေ ထိန်းသိမ်း နိုင်တဲ့ အချိန်ကျရင် နှစ်နှစ်အတွင်း လုပ်ပေးနိုင်မယ်လို့ ယူဆတယ်။ အခြေအနေဆိုတာ အဓိက လောလောဆယ် ဖြစ်နေတာက နှစ်ခုပေါ့နော်။ တစ်ခုကတော့ လုံခြုံရေးဖြစ်ပါတယ်။ လုံခြုံရေးကတော့ မဖြစ်မနေ တည်ငြိမ်အောင် လုပ်ရမယ့် အနေအထား ဖြစ်ပါတယ်။ လက်ရှိမှာ မြို့ပြတွေမှာ ဗုံးကွဲတိုက်ခိုက် တာတွေ ဖြစ်နေတယ်။ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေမျိုးမှာ ထိန်းသိမ်းလုပ်ဆောင်နေတဲ့ အနေ အထားမှာ တဖြည်းဖြည်းတော့ လျော့သွားတဲ့ အနေအထားမျိုး ရှိနေတာကို မြင်နေရပြီ။ ဆိုတော့ ရွေးကောက်ပွဲဆိုတာ တစ်နိုင်ငံလုံး ကျင်းပရတာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဒေသအများစု တည်ငြိမ် အေးချမ်းမှ လုပ်နိုင်မှာဖြစ်တယ်။ နောက်တစ်ချက်တော့ ပြီးခဲ့တဲ့ မဲစာရင်းတွေကို စစ်လို့မပြီးသေးတဲ့ အနေအထားဖြစ်တဲ့အတွက် ဒါတွေအကုန်ပြီးသွားရင်တော့ ရွေးကောက်ပွဲကို နှစ်နှစ်အတွင်း လုပ်နိုင်မယ်လို့ မြင်ပါတယ်။”
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒေါက်တာနိုင်ဆွေဦးနဲ့ အမြင်မတူပါဘူး။
နောက် ခြောက်လအတွင်းမှာ ပြည်သူတွေရဲ့ ခုခံရေးလှုပ်ရှားမှုဟာ ပိုပြီးအရှိန်အဟုန် မြင့်လာနိုင်ပြီး လက်ရှိ အခြေအနေတွေနဲ့ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတဲ့ကိစ္စဟာ ဖြစ်နိုင်ခြေမရှိဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အခြေအနေတွေကို သူထိန်းသိမ်းလို့ အတော်ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ မြို့ပေါ်မှာဆိုရင် မြို့ပြ တိုက်ပွဲအချို့ စပြီးပေါ်ပေါက်လာတဲ့အတွက် စစ်ကောင်စီဟာ ထိုးစစ်ကနေပြီး ခံစစ်အနေနဲ့ ခံကတုတ်တွေ ပြန်ပြီး တည်ဆောက်ပြီး ခံကတုတ်တွေ နောက်ကွယ်မှာ ပုန်းကွယ်ပြီးနေရတဲ့ အခြေအနေပါ။ ဒီတော့ သူက နှစ်လ သုံးလလောက်နဲ့ ဒီကိစ္စတွေ အေးချမ်းသွားလိမ့်မယ်လို့ သူ့မျှော်လင့်ချက်ဟာ အခု ငါးလကျော် လာပါပြီ။ နောက် ခြောက်လအတွင်း ပြည်သူ့ခုခံရေး လှုပ်ရှားမှုဟာ ပိုပြီးအရှိန်အဟုန် မြင့်လာမယ့် အခြေအနေမှာ နောက်ထပ် ခြောက်လဟာလည်း မတည်ငြိမ်ဘဲ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ မြန်မာပြည် အနှံ့အပြားမှာ ဖြစ်ပွားနေမယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ ဘယ်လိုမှ စစ်ကောင်စီ အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်မယ့် အခြေအနေ မရှိပါဘူး။”
ရွေးကောက်ပွဲကို နှစ်နှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ စကားကို နိုင်ငံရေး အင်အားစုတွေ အပါအဝင် ပြည်သူတစ်ဦးတစ်ယောက်ကမျှ အယုံအကြည် မရှိဘူးလို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီးမှာ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ဘယ်လောက်ထိ မြင့်တက်လာမလဲ၊ ရုရှားကနေ မြန်မာနိုင်ငံဆီ စစ်လက်နက် စီးဝင်မှု တွေကို ကုလသမဂ္ဂအဖွဲ့ကြီးနဲ့အတူ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂနိုင်ငံတွေက ဘယ်လောက်ထိ လက်တွေ့ ကျကျ တားဆီးနိုင်မလဲ၊ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ကတိ စကား ဘယ်လောက်ထိ တည်နိုင်မလဲဆိုတာတွေကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။