ဝက်လက်မှာ စစ်ကောင်စီတပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

RFA Burmese
2025.01.06
ဝက်လက်မှာ စစ်ကောင်စီတပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့ မှ သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစု ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် သေဆုံးတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

အုန်းနှဲဘုတ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား ခုနစ်ဆယ်ခန့်ပါ တပ်မ (၃၃) စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ချိန် ငါးနာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးကို ဖမ်းမိခဲ့ပြီး ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

ဒီနေ့မှာ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက RFA ကို ပြောပါတယ်။

“သူတို့က ကောက်ရိုးပုံထဲကို အလောင်းတွေထည့်ပြီး မီးရှို့သွားတာတွေလည်းရှိတယ်။ သေဆုံးနှစ်ဆယ် ကျော်ဆိုတာက ဖမ်းမိတဲ့သူတွေ ပြောတာရော၊ သူတို့ဝင်လာတဲ့ စစ်ကြောင်းအရေအတွက်နဲ့ ပြန်ပြီးတော့ ထွက်သွားတဲ့ အရေအတွက်ကိုတွက်ပြီး ပြောနိုင်တာပါ။ စစ်ကြောင်းက ကစဥ့်ကလျားနဲ့ ဆုတ်သွားတာဆိုတော့ သူတို့ကို လိုက်လံပိတ်ဆို့ပြီးတော့ လိုက်လံရှင်းလင်းနေတုန်းပါပဲ”

တိုက်ပွဲအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ (၃၃) စစ်ကြောင်းဟာ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး ဝက်လက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းမှာတော့ ဝက်လက်မြို့နဲ့ ဆယ်မိုင်ကျော်ဝေးတဲ့ အုန်းနှဲဘုတ်ရွာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်ချိန် ဖမ်းဆီးခံရတဲ့ အရပ်သားတချို့လည်း ပြန်လွတ်​လာပြီလို့ ဒေသခံတွေက ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ရွာပေါင်းဆယ်ရွာခန့်က လူတစ်သောင်းခန့်ကတော့ တိုက်ပွဲအခြေအနေကြောင့် ဒီနေ့အထိ ရွာတွေထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။