ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ကျရှုံးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ
2023.02.12

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီးကြိုးပမ်းခဲ့ပေမယ့် တည်ငြိမ်အေးချမ်း မှုနဲ့ အလှမ်းကွာဝေးခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပစွက်ဖက်မှု ပယောဂအမျိုးမျိုး နဲ့ သက်ဆိုင်သူတွေရဲ့ နိုင်ငံနဲ့ ပြည်သူ အကျိုးကို စဉ်းစားလုပ်ဆောင်ဖို့ လိုအပ်ချက်တွေကြောင့် ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးခဲ့ ရတာဖြစ်ပြီး နိုင်ငံအတွက် ရင်လေးစရာဖြစ်တယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီကလည်း စစ်တပ်အာဏာ သိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်သွားရတာလို့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းမှုကပဲ တိုင်းပြည်ကို ပိုပြီးကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပုံစံသစ်ဆီ ဦးတည်ပြီး နိုင်ငံရေးအကျပ်အတည်းထဲကို ရောက်ရှိစေခဲ့တာလို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကို စစ်ကောင်စီက ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီးနောက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့၊ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နဲ့ ဆွေးနွေးခဲ့တာပါ။