စစ်ကောင်စီဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ

RFA Burmese
2024.01.06
စစ်ကောင်စီဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။
Myanmar Military

Updated 10:11 AM Jan 7, 2024

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၄၀ ဝန်းကျင်ဟာ နေပြည်တော်မှာ ဇန်ဝါရီလ ၆ ရက် ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေတွေကိုသိဖို့ အခုလို တွေ့ဆုံ တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပေမယ့် အထွေထွေရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ်ဆိုတာ ပြောမသွားဘူးလို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။

တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေကတော့ နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေမှာ ပါဝင်တဲ့ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးဖို့ တင်ပြခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ ပြောပါတယ်။

“ပါတီတော်တော်များများကတော့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဥပဒေမှာရှိတဲ့ ကန့်သတ်ချက်တွေကို ပြင်ဆင်ဖို့၊ ဖြေလျှော့ပေးဖို့၊ လုံခြုံရေးကိစ္စတွေပြောကြတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဥပဒေရေးရာ ဝန်ကြီးဌာနနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကို ပြန်ပြီးရှင်းလင်းပြောပြခိုင်းတာတွေ ရှိပါတယ်”

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထဲ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ (စ) မှာ နိုင်ငံတစ်ဝန်း စည်းရုံးမယ့်ပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုတဲ့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တစ်သိန်းနဲ့ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတည်း မှာပဲ စည်းရုံးမယ့်ပါတီအနေနဲ့ ပါတီဝင်အင်အား တစ်ထောင် စည်ရုံးရမှာ ဖြစ်ပါတယ်။

ဒီ့အပြင် ပုဒ်မ ၅ (ဇ) မှာလည်း နိုင်ငံတစ်ဝန်း စည်းရုံးမယ့်ပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင် ခွင့်ပြုပြီး ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်ထက်ဝက်ကျော်မှာ ပါတီ ရုံးခန်းတွေ ဖွင့်ရမှာဖြစ်ပြီး ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးတစ်ခုတည်း စည်းရုံးမယ့် ပါတီတွေ အနေနဲ့ မြို့နယ်ငါးခုမှာ ပါတီရုံးခန်းတွေ ဖွင့်ရမှာပါ။

နိုင်ငံရေးပါတီတွေဟာ အဲဒီအချက်နှစ်ခုကို ပြင်ဆင်၊ ဖြေလျှော့ပေးဖို့ ပြောခဲ့ပေမယ့် ပယ်ချခံလိုက်ရတာပါ။

ဒီ့အပြင် ရပ်တည်ဖို့ခက်ခဲနေတဲ့ နိုင်ငံရေးပါတီငယ်တွေအတွက် စီးပွားရေးအခွင့်အလမ်း တွေပေးဖို့လည်း တင်ပြတာတွေရှိပေမယ့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာတုံ့ပြန်တာ မရှိဘူး လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၅ ပါတီ ရှိပါတယ်။ 

(မှတ်ချက် - သတင်းဓာတ်ပုံကို ပြောင်းလဲ ဖော်ပြထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။