ခြောက်နှစ်ကြာ လက်လွှတ်ထားရတဲ့ ဌာနချုပ်စခန်း KIA ပြန်သိမ်းပိုက်

RFA Burmese
2024.05.16
ခြောက်နှစ်ကြာ လက်လွှတ်ထားရတဲ့ ဌာနချုပ်စခန်း KIA ပြန်သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
AFP

ကချင်ပြည်နယ် တနိုင်းမြို့နယ် နမ်ဗျူရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက မေလ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတပ်စခန်းဟာ အရင်က KIA တပ်မဟာ (၂) တပ်ရင်း (၁၄) ရဲ့ ဌာနချုပ်ဖြစ်ပြီး စစ်ကောင်စီတပ်က ၂၀၁၈ ခုနှစ်မှာ တိုက်ခိုက်သိမ်းယူခဲ့လို့ KIA က လက်လွှတ်ထားခဲ့ရတဲ့ တပ်စခန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတပ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ-၂၆၀ နဲ့ ခလရ-၂၉၇ တပ်ရင်းတွေက စစ်ကောင်စီတပ်သား အင်အား ရှစ်ဆယ်ခန့်နဲ့ အထိုင်ကျတပ်စွဲထားပြီး ဒီမနက်မှာပဲ KIA က သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သွားတိုက်တာက မေ ၁၁ လောက်ကတည်းတိုက်တာ။ ဒီနေ့မနက် ၇ နာရီကျော်မှာ သိမ်းတာဟုတ်တယ်။ စစ်ကောင်စီဘက်က တပ်ဆုတ်သွားတာပေါ့။ ထိခိုက်သေဆုံးတဲ့ အခြေအနေတော့ အသေးစိတ်တော့ မသိရသေးဘူး”

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေသလို တနိုင်းမြို့ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ အခုမေလအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ ရှစ်မြို့ကို KIA က သိမ်းပိုက်ထားပါတယ်။

ဒီအပြင် ဒီနှစ်ထဲမှာပဲ စစ်ကောင်တပ်ရဲ့ တပ်စခန်းကြီး၊ ငယ်ပေါင်း တစ်ရာဝန်းကျင်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ KIA က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။