ဆင်ဘိုမြို့က ခလရ (၁၄၁) တပ်ကို သိမ်းပိုက်လိုက်ကြောင်း KIA ပြော

RFA Burmese
2024.04.29
ဆင်ဘိုမြို့က ခလရ (၁၄၁) တပ်ကို သိမ်းပိုက်လိုက်ကြောင်း KIA ပြော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့က စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ (၁၄၁) ကို ဧပြီလ ၂၉ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်ခဲ့ပြီလို့ (KIO/KIA) ဘက်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ဝင်ရောက်ရှင်းလင်းပြီး နေ့လယ်ပိုင်းမှာ အပြီးသတ်သိမ်းခဲ့တာလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“ဒီမနက် ၈ နာရီလောက်ကတည်းက ဝင်ပြီးနယ်မြေရှင်းလင်းရေးလုပ်တာ အခု ၁၁ နာရီခွဲမှာ အပြီးသိမ်းနိုင်ပြီ။ ဆင်ဘိုစခန်းက မြစ်ကြီးနား - ဗန်းမော် ရေလမ်းကြောင်းပေါ်မှာရှိနေတယ်။ ပြီးတော့ ကျွန်တော်တို့ ဌာနချုပ်နဲ့ တပ်မဟာ - ၈ (မိုးညှင်း) ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းမှာလည်း အဟန့်အတားပေးနေတဲ့ တပ်စခန်းဖြစ်ပါတယ်”

အဲဒီတပ်ကို ဧပြီလ ၂၆ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာြဖစ်ပြီး စစ်ကောင်စီတပ်ကတည်း လေကြောင်းနဲ့ ပြန်လည်ခုခံခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံးသလို လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အများအပြားသေဆုံးတယ်လို့ RFA ကို ပြောပါတယ်။

နှစ်ဖက် သေဆုံး၊ ဒဏ်ရာရအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဗိုလ်မှူးကြီးနော်ဘူကလည်း (KIA) နဲ့ပူး ပေါင်းတပ်တွေဘက်က သေဆုံး၊ ဒဏ်ရာရမှုအပေါ် သူ့အနေနဲ့ မသိသေးဘူးလို့သာ ဖြေဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းကလည်း ဆင်ဘိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆင်ဘိုရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပြီး နှစ်လကျော်အကြာမှာ အခု ခလရ (၁၄၁) တပ်ကို ဆက်လက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကစတဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုမြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း (၇၀) ကျော်ကို သိမ်းပိုက်ထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။