မိုးမောက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို KIA ဖမ်းဆီး

RFA Burmese
2023.10.01
မိုးမောက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို KIA ဖမ်းဆီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက မြစ်ကြီးနား-ဗန်းမော်လမ်းပေါ် ရှိ နမ်ဆန်ယန်ရွာတွင် တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အလော့ဘွမ်တောင်ကုန်းအနီးက ရှန်ထုံတောင်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေ နွမ်းလန်းရွာနဲ့ ထူထန်ယန်ရွာအကြား ဆင်းလာချိန်မှာ KIA က တိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သုံးဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“၁၅ ယောက် ဆင်းလာတာ အဲမှာ KIA ဘက်က လမ်းမှာတိုက်တော့ သုံးယောက် သေတယ်။ လေးယောက် ဖမ်းမိတယ်။ ရှစ်ယောက်က ထွက်ပြေးသွားတယ်”

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေကို ဖမ်းမိတာကို အတည်ပြုနိုင်ပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

“ရှန်ထုံတောင်ဘက်က ဆင်းလာတဲ့ စစ်သားတွေကို လမ်းမှာ တိုက်တာပေါ့။ လက်မြှောက်တဲ့ အရှင်လိုမျိုးတော့ မဟုတ်ဘူးထင်တယ်။ ဒဏ်ရာရရတဲ့သူတွေလို့ ကြားတယ်၊ သေချာတော့ မသိသးဘူး "

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား လေးဦးထဲက တစ်ဦးဟာ တိုက်ပွဲအတွင်းရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ ကနဦး သတင်းရထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၃၇ ဖြစ်ပြီး KIA တပ်မဟာ (၅) ရဲ့ တပ်ရင်း ၂၅ က တိုက်ခိုက်ခဲ့တာလို့ KIA သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုးမောက်တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသလို ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကလည်း စစ်ရေးကိစ္စတွေကို သူမသိဘူးလို့ ပြောပါတယ်။။

စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်ကစပြီး KIA ဌာနချုပ် တပ်မဟာ ၅ နယ်မြေကို ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။