စစ်ကောင်စီက ဖယ်ခုံမှာ ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယား (ကရင်နီ) ပြည်နယ်ရဲ့ အစပ်ဖြစ်တဲ့ ဖယ်ခုံမြို့အနီး တဝိုက်မှာ ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက် ခြောက်နာရီ လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားရာကနေ မနက် ၉ နာရီလောက် မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီ ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"လူထုတွေနဲ့ အိုးအိမ်စည်းစိမ်တွေကိုတော့ အတက်နိုင်ဆုံး ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးကြဖို့ လိုအပ်တယ်”
ကုန်းဆုံရွာအနီး ထိုင်တော်မူဘုရားနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းစခန်းကို မနက် ၆ နာရီခွဲလောက်က ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်တစ်ယောက် အပါအဝင် အနည်းဆုံး ဆယ်ယောက် သေဆုံးတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပြပါတယ်။
“မြို့ထဲမှာတော့ ဝင်ပစ်တာ မဟုတ်ပါဘူး။ စစ်ကောင်စီတွေ စခန်းချတဲ့ဘက်မှာ ပစ်တာပါ။ အဲဒီလိုမျိုးပေါ့။ နေရာကတော့ ကုန်းဆုံ ထိုင်တော်မူ ဘုရားနားရယ်၊ ကသဲ ဘက်ရယ်၊ ခလရ ၃၃၆ နားမှာရယ် ပစ်နေတာမျိုးရှိတယ်။ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့်ရှိ တစ်ယောက် ကျသွားတယ်။ ဒဏ်ရာရတာတော့ အတည်ပြုလို့ မရသေးဘူး။ အတည်ပြုလို့ရတာက ဗိုလ်မှူးအဆင့်ကျတာ သေချာတယ်၊ အဲဒါကြောင့် လေယာဉ်နဲ့ လာပစ်တာလေ”
ဒီကနေ့ ဖယ်ခုံမြို့နယ်ထဲက တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို မေးမြန်းအတည်ပြုနိုင်ဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလော ဖုန်းဆက်လို့ မရသေးပါဘူး။
စစ်ကောင်စီဘက်က သူတို့ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်အနှံ့ ပစ်ခတ်နေလို့ နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိမှန်ပျက် စီးခဲ့ရတယ်လို့လည်း PDF တပ်ဖွဲ့ဝင် တစ်ယောက်က ဆိုပါတယ်။
ဖယ်ခုံ PDF၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA) စတဲ့ မဟာ မိတ်တပ်တို့ဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ထိခိုက်၊ သေဆုံးမှုအသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ဖယ်ခုံမြို့က ဒေသခံအများစုဟာ ပြီးခဲ့တဲ့နှစ် မေလလောက်က ဖယ်ခုံ - မိုးဗြဲ တဝိုက် တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ အချိန်လောက်ကတည်းက ပြောင်းရွှေ့နေကြပြီး လက်ရှိအဲဒီ ဒေသမှာ နေထိုင်သူ တစ်ဝက်ကျော်လောက် လျော့သွားတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ယောက်က ပြောပြပါတယ်။
“ဒေသခံ ၆၀ ရာခိုင်နှုန်းလောက်က သွားပြီလေ။ အဲဒီနေရာမှာ တိုက်ပွဲဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားတော့ ထွက်သွားတဲ့သူတွေရှိတယ်၊ တော်တော်လေး ပါးသွားပြီ။ ဖယ်ခုံ - မိုးဗြဲ တိုက်ပွဲတွေ ဖြစ်ကတည်းက ပြောင်းပြီလေ။ ကြာပြီဆိုတာ လေး၊ ငါးလ ဝန်းကျင်ရှိပြီပေါ့။ ဖယ်ခုံ - မိုးဗြဲ စဖြစ်ကတည်းက ပြောင်းသွားတာတချို့ အခုလည်း ပြန်လာနေတယ်။ ပြန်လာနေတယ်ဆိုတာ သိတဲ့အတိုင်း အတည်ကြီးတော့ မဟုတ်ဘူး သတိနဲ့ပဲ”
ဖယ်ခုံမြို့ခံတွေကို RFA အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းလိုင်းတွေ ပြတ်တောက် နေလို့ အဆက်အသွယ် မရခဲ့ပါဘူး။
ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဦးဗညားကတော့ ဒီမနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖယ်ခုံတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေရဲ့အခြေအနေကို စုံစမ်းနေတုန်းပဲလို့ RFA ကို ပြောပါတယ်။
“အခုအချိန်အထိတော့ ပြည်သူလူထုရဲ့ အသက်ဆုံးရှုံးမှုရှိတယ်ဆိုတာ မသိရသေးဘူး။ တချို့ အိုးအိမ်တွေ ပျက်စီးမှုရှိတယ်ဆိုတာကို အချက်အလက်တွေ ရထားတယ်။ တိုက်ပွဲရဲ့ သဘောသဘာဝအရ ဘက်နှစ်ဘက်လုံးက တပ်ဖွဲ့ဝင်တွေ သေဆုံးနိုင်တာကို ကျွန်တော် လက်ခံတယ်။ ဒါပေမဲ့ လူထုတွေနဲ့ အိုးအိမ်စည်းစိမ်တွေကိုတော့ အတတ် နိုင်ဆုံး ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးကြဖို့ လိုအပ်တယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“ကျွန်တော်တို့ ပြည်နယ်ထဲမှာ အပြစ်မဲ့ပြည်သူတွေကို သာလွန်အင်အားတွေ၊ လက်နက် ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာက လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ချိုးဖောက်နေတာတင်မကဘူး။ လူမျိုးတုံးသတ်ဖြတ်မှုကိုပါ ကျုးလွန်နေတာ ဖြစ်တယ် လေ။ အဲဒီအတွက်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာကပါ တရား မျှတမှု ရရှိရေးအတွက် ဝိုင်းဝန်းပြီး ကြိုးပမ်းသင့်တယ်လို့ အဲဒီလိုမျိုးပဲ အတိုကောက် ဖြေချင်တော့တယ်”
ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ တုန်းက ဖယ်ခုံမှာ ၄ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ရွာပေါင်း ရှစ်ရွာက ဒေသခံ ငါးထောင်နီးပါး ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ကြရပါတယ်။ နောက်ပြီး ဖယ်ခုံမြို့နယ်၊ ကသဲရွာအနီးက ရွာသား ၁၉ ယောက်ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူအချို့လည်း ရှိခဲ့ပါတယ်။ လက်ရှိ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်ဟာ တစ်သိန်း ခုနှစ်သောင်းကျော်အထိ ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲY (KnHRG) က ဇန်နဝါရီလထဲမှာ ထုတ်ပြန်ထားပါတယ်။