မိုးဗြဲတိုက်ပွဲ နှစ်ဖက်ကျဆုံးမှုများ

2022.02.19
မိုးဗြဲတိုက်ပွဲ နှစ်ဖက်ကျဆုံးမှုများ မိုးဗြဲမြို့နယ် PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: မိုးဗြဲ PDF

မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစလို့ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကရင်နီ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ဝ ဝန်းကျင် သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က မြေပြင်ကနေ သံချပ်ကာယာဉ်တွေ အမြောက်တွေနဲ့ ပစ်ခတ် သလို လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်ကလည်း သေဆုံးသူ ၂ဝ ဝန်းကျင် ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ အင်အား ၂ဝဝ ဝန်းကျင်၊ သံချပ်ကာယာဉ် နှစ်စီးနဲ့ မိုးဗြဲမြို့ဆီ ထိုးစစ်ဆင်လာရာ မိုးဗြဲမြို့နယ် PDF တပ်ဖွဲ့တွေ အပါအဝင်၊ ကရင်နီ ပြည်နယ်ထဲက လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

"ကျွန်တော်တို့ ပြည်နယ်အပေါ် စစ်ရေးအခြေအနေ ထပ်တိုးလာတဲ့အပေါ် အညံ့ခံအရှုံးပေးသွားမှာတော့ မဟုတ်ဘူး"

ဖေဖော်ဝါရီ ၁၈ ရက် မနေ့ကလည်း မိုးဗြဲမြို့နယ်တစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့သလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ သေဆုံးသူ ၁၅ ယောက် ဝန်းကျင်ရှိခဲ့တယ်လို့ မိုးဗြဲ PDF က ပြန်ကြားရေးတာဝန်ခံ ကိုတုတ်ကြီးက RFA ကို ပြောပါတယ်။

“မနေ့က မနက်ပိုင်းမှာတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတွေ ရှိတယ်။ ထိတွေ့မှု အနည်းအကျဉ်း ရှိခဲ့တယ်။ နေ့လယ်ပိုင်းကစပြီး တိုက်ပွဲပြင်းထန် တယ်။ ဖလိုင်ရွာဘေးမှာဆိုရင် မဟာမိတ်တပ်ပေါင်းစုနဲ့ တိုက်ပွဲဖြစ်တယ်။ တင့်ကား တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ လေယာဉ် သုံးကြိမ် လာပစ်တယ်။ ဖလိုင်ကျေး ရွာမှာလည်း နေအိမ်တွေ မီးတော်တော် ရှို့ခံလိုက်ရတယ်ခင်ဗျ”

ဒီထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီနေ့ မေးမြန်းဖို့ ကြိုးစား ပေမယ့် လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက် RFA နဲ့ အင်တာဗျုးမှာတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့ စစ်သည်တချို့ ရှိခဲ့တယ်လို့ ဝန်ခံ ထားပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာလည်း မိုးဗြဲမြို့နယ်တစ်ဝိုက်မှာ စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF က ပြောပါတယ်။

စစ်ကောင်စီဟာ ဒီငါးရက်တာအတွင်း လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် တိုက် ခိုက်ခဲ့တယ်လို့လည်း မိုးဗြဲဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တိမ်းရသူ နှစ်ထောင်ဝန်းကျင် ရှိနိုင်တယ်လို့ မိုးဗြဲ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြို့ထဲမှာ စစ်တပ်တွေက နေရာယူထားတော့ မြို့ထဲဝင်လို့ အဆင်မပြေဘူး။ ရတဲ့နေရာ တွေကပဲ ကူတာတော့ရှိတယ်။ တခြား လူပိတ်မိတာတွေလည်း အများကြီးရှိတယ်။ ပြည်သူတွေဆို၊ စစ်ဘေးရှောင်ဆို မိုးဗြဲအတွင်းနဲ့ ဘေးကဆိုရင် လူဦးရေ နှစ်ထောင် လောက်ရှိမယ်ဗျ။ စစ်ရှောင်တွေပေါ့နော်”

မိုးဗြဲမြို့တောင်ဘက် တစ်မိုင်လောက်ဝေးတဲ့ ဝါရီဆူးပလှိုင်ရွာနဲ့ ဖလိုင်ရွာတွေက နေအိမ် တွေလည်း ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ မီးရှို့ခံ လိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်နီပြည်နယ်တွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာနိုင်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က သုံးသပ် ပါတယ်။

“တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကျုးလွန်တာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အဆမတန် သာလွန်အင်အားသုံးပြီး ကျွန်တော်တို့ ပြည်နယ်အပေါ် စစ်ရေးအခြေအနေ ထပ်တိုး လာတဲ့အပေါ် အညံ့ခံအရှုံးပေးသွားမှာတော့ မဟုတ်ဘူး။ ပြည်သူလူထုတွေ ဘေးကင်းရာ ရောက်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်တယ်”

pekon-refugees.jpg
(ဖယ်ခုံမြို့နယ် ဝါရီဆူးပလှိုင် ကျေးရွာက ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်) Photo: Kayan Rescue Committee -KRC

ဖေဖော်ဝါရီ ၁၇ ရက်က မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်ရွာနဲ့ ဝါရီဆူးပလှိုင်ရွာနားက တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ဆန်ကြောင့် အရပ်သား တစ်ယောက် သေဆုံးခဲ့ပြီး ကလေးတစ်ယောက် အပါအဝင် အရပ်သား ခုနစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အရပ်သား ထိခိုက် သေဆုံးတာဟာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် မဟုတ်ဘူးလို့ ငြင်းဆို ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူထားတဲ့ မိုးဗြဲမြို့ပေါ်မှာ ဒေသခံ တစ် သောင်းဝန်းကျင် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ကယားပြည်နယ်မှာ လူဦးရေ တစ်သိန်းခုနစ်သောင်းကျော်က စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဇန်နဝါရီလ ထဲမှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တစ်နှစ်အတွင်း အရပ်သား ၂၁၂ ဦး သေဆုံး၊ ၂၆၈ ဦး အဖမ်းခံထားရပြီး ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေ အဆောက်အအုံ ၄၉၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်က ဖေဖော်ဝါရီ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။