ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ ၇၀ နီးပါးဖြစ်

RFA Burmese
2023.12.03
ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ ၇၀ နီးပါးဖြစ် KNU တပ်မဟာ ၅ နယ်မြေ မယ်ညုထာကျေးရွာအား စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် မီးလောင်ပျက်စီးသွားသည့် စပါးကျီတစ်ခုကို တွေ့ရစဉ်။
KNU Mutraw News

ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်မှာ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU မူတြော်ခရိုင်က ဒီဇင်ဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဗုံး ခုနစ်ကြိမ် ကြဲခဲ့သလို လက်နက်ကြီး ပစ်ခတ်မှု ၇၄ လုံးအထိရှိခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ မူတြော်ခရိုင်က ရေးသားထားပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က ၂၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သလို KNLA ဘက်က ၁၁ ဦး သေဆုံးပြီး ငါးဆယ် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ လက်ခံဖြေဆိုတာ မရှိပါဘူး။

KNU မူတြော်ခရိုင်ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ဟာ အောက်တိုဘာလ အတွင်းမှာ တိုက်ပွဲ ၈၇ ကြိမ်၊ စက်တင်ဘာလ အတွင်းမှာ တိုက်ပွဲ ၈၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနှစ်လအတွင်း လက်နက်ကြီးပစ်ခတ်မှုဟာ တစ်လကို အလုံးနှစ်ဆယ်ခန့်သာရှိခဲ့ပြီး နိုဝင်ဘာလအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှု လေးဆနီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။