လွိုင်ကော်တိုက်ပွဲ စစ်တပ်ဘက်က ခြောက်ယောက်သေဆုံး

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီလက်နက်ကိုင် တပ်ဖွဲ့တို့ ဇန်နဝါရီ ၃၀ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ခြောက်ယောက် သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စု ကုန်းဆွတ်ရွာအနီးမှာ ကရင်နီအမျိုးသား ခုခံကာကွယ်ရေးတပ် KNDF နဲ့ ကရင်နီတပ်မတော် KA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ မွန်းတည့် ၁၂ နာရီခွဲလောက်က နှစ်နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြ ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခြောက်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရ သူတွေရှိသလို KNDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
မနေ့ကတင်ပဲ လွိုင်ကော်မြို့ ခလရ ၂၆၁ တပ်ရင်းအနီးမှာလည်း ကရင်နီလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့ရာ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အသေးစိတ်တော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
လွိုင်ကော်မြို့ နာနတ်တောနဲ့ ဘာဒိုရပ်ကွက်တွေထဲ တပ်မ ၅၅ က စစ်ကောင်စီတပ် ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး အခြေ အနေအသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုးစားနေ ပါတယ်။