တရုတ် စီမံကိန်းတည်ရှိရာ ကျောက်ဖြူမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦးဒဏ်ရာရ

RFA Burmese
2024.02.02
တရုတ် စီမံကိန်းတည်ရှိရာ ကျောက်ဖြူမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦးဒဏ်ရာရ ကျောက်ဖြုမြို့နယ်တွင် လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့သူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Arakan Princess Media

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီ ၁ ရက် မနေ့က တိုက်ပွဲဖြစ်ပြီးပွားခဲ့ပြီးနောက် ဓညဝတီရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကျောက်ဖြူမြို့နယ်အတွင်း တစ်လကို သုံးကြိမ်လောက်အထိ ကင်းလှည့်လေ့ရှိတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး မနေ့က မလကျွန်း၊ ပြင်ရှည်ရွာသစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှု အသေးစိတ်ကို မသိရသေးပါဘူး။ တိုက်ပွဲဖြစ်ပြီးနောက်မှာ ဓညဝတီရေတပ်ဌာနချုပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဂုံးချွိန်တိုက်နယ်၊ အူချေ (ခေါ်) ကုလားဘာကျေးရွာတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာခံ တစ်ဦး၊ အဲဒီရွာကိုရောက်ရှိနေတဲ့ မင်းတက်တောင်ရွာက သုံးဦးနဲ့ အုန်းတောရွာက တစ်ဦး စုစုပေါင်း ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လက်နက်ကြီးကျတဲ့ ရွာဟာ ငါးမိုင်ခန့်ကွာဝေးပြီး မနေ့က လက်နက်ကြီးပစ်ခတ်မှုဟာ စစ်ကောင်စီတပ်က ရွာထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦး က RFA ကို ပြောပါတယ်။

“မနေ့က ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်တယ်။ အဲဒီ တိုက်ပွဲဖြစ်ပြီးတာနဲ့ ရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဘာမှမဆိုင်ဘူး။ အဝေးကြီးပဲ ငါးမိုင်လောက်တောင် ဝေးတယ်။ သူတို့က ရွာထဲကို ရည်ရွယ်ချက်ရှိရှိပစ်တာ။ တစ်ယောက်က အိမ်နေရင်း လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာ။ နောက် လေးယောက် ဈေးရောင်းပြီးအပြန် လမ်းမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရသွားတာပါ”

ဒဏ်ရာရတဲ့သူတွေထဲက တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲထပ်မံဖြစ်ပွားတာ မရှိဘဲ အခြေအနေ တည်ငြိမ်နေတယ်လို့ သူကပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ကတော့ ကျောက်ဖြူမြို့နယ်မှာ အင်အား သုံးဆယ်လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုနဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး တချို့ရှိခဲ့တယ်လို့ မနေ့ညက ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့လည်း နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေအပြင် ဘူးသီးတောင် အခြေစိုက် တပ်ရင်းတွေကပါ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး ခုခံကာကွယ်နေတယ်လို့လည်း ဆိုပါတယ်။

ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာတော့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တစ်ဝက်တစ်ပျက်ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတရာထုတ်ပြန်တာ မရှိပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပေဒေချုပ် ဦးလှသိန်းကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်နှစ်လကျော် ကြာမြင့်နေပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ တိုက်ပွဲစတင်နဲ့ နိုင်ဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိစစ်ကြောင့် သေဆုံးတဲ့ အရပ်သား ကိုးဆယ်နီးပါးနဲ့ ဒဏ်ရာရသူ နှစ်ရာကျော်ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။