ကမမောင်းမြို့မှာ စစ်ကောင်စီက တပ်သားသစ်စုဆောင်းနေ

RFA Burmese
2024.09.26
ကမမောင်းမြို့မှာ စစ်ကောင်စီက တပ်သားသစ်စုဆောင်းနေ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅)ဖွင့်ပွဲ မြင်ကွင်းတစ်ခု။
Photo: Myanmar Military

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ တပ်သားသစ်တွေ အဓမ္မစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကမမောင်းမြို့က ရပ်ကွက်ကျေးရွာတစ်ခုကို စစ်မှုထမ်းဖို့ လူ ၉ဝ စီ စုပေးဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) ၁ဝ၁၄ တပ်ရင်းမှူး ဗိုလ်မောင်ချစ်ကို စက်တင်ဘာ ၅ ရက်နေ့မှာ တာဝန်ပေးတာကြောင့် အဓမ္မလူစုနေတာလို့ ကမမောင်းမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အသက်အရွယ်က ၁၈ နှစ်ကနေ ၆၅ နှစ်အထိ၊ BGF ၁ဝ၁၄ တပ်ရင်းကို ဗိုလ်မောင်ချစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းနဲ့ တာဝန်ယူပြီးတော့ဆောင်ရွက်နေတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လုပ်မရဲဘူး၊ သူတို့ နုတ်ထွက်တယ်ဆိုပြီး ပြောနေကြတယ်၊ ၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး ကမမောင်းကို လာပြီးတော့ ဌာနဆိုင်ရာ အစုံခေါ်ပြီးတော့ စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်ဖို့အတွက် BGF ၁၀၁၄ တပ်ရင်းမှူး ဗိုလ်မောင်ချစ်ကို တာဝန်ပေးသွားတယ်"

အဲဒီနောက်ပိုင်း ကမမောင်းမြို့ပေါ်ရပ်ကွက် လေးခုက ဒေသခံတွေကို ဗိုလ်မောင်ချစ်က ဘုန်းကြီးကျောင်းကိုဆင့်ခေါ်ပြီး သူတို့နဲ့အတူ စစ်မှုထမ်းဖို့ လူသစ်စုတာကို သဘောတူကြောင်း လက်မှတ်ထိုးဖို့ BGF တပ်ဖွဲ့က ဖိအားပေးပြောဆိုတာကြောင့် လက်မှတ်ထိုးပြီးမှ အိမ်ပြန်ခဲ့ရတယ်လို့ အစည်းအဝေးသွားခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗိုလ်မောင်ချစ်က စစ်မှုထမ်းဖို့ ဒီရပ်ကွက်ကို လူပေါင်း ၉ဝ ပေးရမယ်၊ အဲဒီ ၉ဝ မှာ ၃ဝ က လုပ်ရမယ်။ ကျန်တဲ့ ၆ဝ က အရံ၊ အားလုံးသင်တန်းတက်ထားရမယ်၊ ရပ်ကွက်က စစ်မှုထမ်းတဲ့လူတွေကို ထောက်ပံ့ကြေးရော ရိက္ခာရော ရပ်ကွက်က ပေးရမယ်ဆိုပြီးတော့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ်။ မထိုးရင်ဘုန်းကြီးကျောင်းကနေ ပေးမဆင်းဘူး။ သူတို့နဲ့ ပူးပေါင်းပြီးတော့ ထမ်းဆောင်ရမယ်ဆိုပြီးတော့ ဗိုလ်မောင်ချစ်က အဲဒီလို အမိန့်ပေးတယ်"

စစ်မှုထမ်းဖို့ ကမ‌မောင်းမြို့ပေါ်ရပ်ကွက် လေးခုအပြင် ကတိုင်ထိ၊ အုန်းတော၊ ပွယ်ထ၊ နိုထ၊ လွှစင် အပါအဝင်ကျေးရွာ ၂ဝ လောက်က အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေကို စစ်မှုထမ်းဖို့ တပ်ရင်းမှူး ဗိုလ်မောင်ချစ်က စက်တင်ဘာလထဲမှာ အစည်းအဝေးတွေခေါ်ပြီး လူသစ်စုဆောင်းတာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံကပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်အတွက် စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

လက်ရှိမှာတော့ ကမမောင်းဒေသခံတစ်ရာနီးပါး စစ်သင်တန်းတက်ရောက်ဖို့ လူစုထားပြီး BGF ဗိုလ်မောင်ချစ် စခန်းနဲ့ ကမမောင်း စစ်ကောင်စီဗျူဟာကုန်းမှာ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေပါတယ်။

ဒါ့အပြင် BGF ဗိုလ်မောင်ချစ်တပ်ဖွဲ့က ဖာပွန်၊ ကတိုင်ထိ၊ ကမမောင်း၊ ဝါးဘိုးတော လမ်းပိုင်းကိုလည်း ကမမောင်း ဒေသခံ စစ်မှုမထမ်းလိုသူတွေ ရှောင်တိမ်းထွက်ပြေးတာမျိုးမရှိအောင် ကားသွားလာခွင့် ပိတ်ထားပြီး စစ်ဆေးတင်းကျပ်ထားပါတယ်။

ကားလမ်းတွေ ပိတ်ထားလို့ ဒေသခံတွေ ဘားအံမြို့ဘက်နဲ့ သံလွင်မြစ်အနောက်ဘက်ကမ်း လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူနဲ့ ရွှေဂွန်းမြို့ဘက်ကို စက်လှေနဲ့သွားလာဖို့ BGF တပ် ထောက်ခံချက်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံချက် ရှိသူတွေသာ ကမ်းကူးပြီး သွားလာလို့ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။