အသံတိတ်သပိတ်အတွက်ကြေညာတဲ့ ပြင်ဦးလွင်က မောဓနုဆိုင် ချိတ်ပိတ်ခံရ

2022.01.27
အသံတိတ်သပိတ်အတွက်ကြေညာတဲ့ ပြင်ဦးလွင်က မောဓနုဆိုင် ချိတ်ပိတ်ခံရ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က မောဓနု ရှမ်းရိုးရာစားသောက်ဆိုင် ကို စစ်ကောင်စီက ချိတ်ပိတ်ထားတာကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ်ထားတဲ့ မောဓနု ရှမ်းရိုးရာစားသောက်ဆိုင်ဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ် ဆင်နွဲဖို့ ဆိုင်ပိတ်မှာဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် စစ်ကောင်စီက ဆိုင်ကို နိုင်ငံပိုင်သိမ်းဆည်းတယ်ဆိုပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က လာရောက်ချိတ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆိုင်ရှင် ဖမ်းဆီးခံရပြီးနောက် ဆိုင်ကိုပါ လာရောက်ချိတ်ပိတ်ခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

"မောဓနုကို စစ်သားတွေ၊ ရဲတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လာပြီး ချိတ်ပိတ် သွားတာ။ ကားတွေလည်း သိမ်းသွားတယ်။ လူတွေလည်း ဖမ်းခံရတယ်၊ နောက်ထပ် လည်း ဒီမှာ နှစ်ဆိုင်လောက် သိမ်းခံရတယ် ကြားတယ်"

မန္တလေးမြို့မှာလည်း အသံတိတ်သပိတ်မှာ မပါဝင်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေက ဒီနေ့ ဈေးဆိုင်တွေကို လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်ပိတ်မယ်လို့ ကြေညာခဲ့တဲ့ ချမ်းအေးသာစံ မြို့နယ် အတွင်းက Blue BBQ အကင်ဆိုင်ပိုင်ရှင်ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ အသံတိတ် သပိတ်ကို ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွေက ပြုလုပ်ခဲ့ကြသလို အခုလာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ပြုလုပ်ဖို့ ပြင်ဆင်နေကြတာပါ။

ဒီအတွက် အာဏာသိမ်းစစ်ကောင်စီကလည်း နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးဖို့ ကြိုးစားနေတာလို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။