မြန်မာ - ရုရှား စစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းဖို့ JFM တောင်းဆို

2023.06.23
မြန်မာ - ရုရှား စစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းဖို့ JFM တောင်းဆို ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးနေစဉ်။
Russian Defence Ministry/AFP

မြန်မာနဲ့ ရုရှားတို့ ဦးဆောင်ပြီး စက်တင်ဘာလအတွင်း ရုရှားနိုင်ငံမှာကျင်းပမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်တာကို ချက်ချင်းဖျက်သိမ်းပေးဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ကို မြန်မာ့လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

လာမယ့် ဩဂုတ်လမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးကို စစ်ကောင်စီနဲ့ရုရှားတို့ မြန်မာနိုင်ငံမှာကျင်းပမှာဖြစ်ပြီး စက်တင်ဘာမှာတော့ လက်တွေ့စစ်ရေးလေ့ကျင့်ကြမှာဖြစ်တယ်လို့ Justice for Myanmar က ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ဟာ မအောင်မြင် အလုပ်မဖြစ်ကြောင်း အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုရင် အာဆီယံရဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးမှာ ပြည်သူတွေကို နေ့စဉ်အကြမ်းဖက် နေတဲ့ မြန်မာစစ်အုပ်စု တပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ လုပ်ရပ်ဟာ လယ်ပြင်ဆင်သွားသလို လက်ဆုပ်လက်ကိုင် ငြင်းမရ ထင်ရှားတဲ့ သာဓက ဖြစ်ကြောင်း ပြောလိုပါတယ်။"

အာဆီယံရဲ့အကူအညီနဲ့ မြန်မာစစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခွင့် ရနေတာဖြစ်ပြီး ဒီလိုလုပ်ဆောင်တာဟာ စစ်တပ်ကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပိုရှုပ်ထွေးစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ ရေးကို ပံ့ပိုးကူညီရမယ့် တာဝန်ပျက်ကွက်နေရုံတင်မကဘဲ စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဝတ်မှုတွေကို တက်တက်ကြွကြွ ကူညီနေတယ်လို့လည်း ထောက်ပြထားပါတယ်။

စစ်ကောင်စီကတော့ ရုရှားနဲ့စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။

မြန်မာစစ်တပ်ဟာ ၂ဝ၂၁ အာဏာသိမ်းပြီးချိန်ကစလို့ ရုရှားနဲ့ တရုတ်အပါအဝင် ပြည်ပနိုင်ငံတွေကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ူတင်သွင်းခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံအရာရှိ တွမ်အင်ဒရူး က မေလ ၁၇ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အထိ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ ၃၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။